DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက စပါးတင်း ၁၀၀ ကို ကျပ် ၇ သိန်းခွဲနှုန်း ရည်ညွှန်းဈေးသတ်မှတ်
DVB
·
October 11, 2023
စစ်ကောင်စီက စပါးတင်း ၁၀၀ ကို ကျပ် ၇ သိန်းခွဲနှုန်း ရည်ညွှန်းဈေးသတ်မှတ်
Donate to DVB

စိုက်ပျိုးကုန်ကျစရိတ်တွေ အဘက်ဘက်က မြင့်တက်နေချိန် ၂၀၂၃ မိုးစပါးနဲ့ ၂၀၂၄ နွေစပါးရာသီအတွက် စပါးတင်း ၁၀၀ အခြေခံရည်ညွှန်းဈေးနှုန်းကို ကျပ် ၇ သိန်းခွဲနှုန်း သတ်မှတ်ကြောင်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့မှာ ကြေညာပါတယ်။

အစိုဓာတ် ၁၄ ရာခိုင်နှုန်း အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်မှုရှိပြီး သတ်မှတ်အရည်အသွေး စံနှုန်းနဲ့ ကိုက်ညီတဲ့ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ကို ကျပ် ၇ သိန်းခွဲ သတ်မှတ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စျေးကွက်ပေါက်စျေးက အခြေခံစျေးအထက်မှာ ဖြစ်ပေါ်နေတဲ့ စပါးအမျိုးအစားတွေအတွက် စျေးကွက်ပေါက်စျေးအတိုင်းသာ ဝယ်ယူရမှာဖြစ်ပြီး စျေးကွက်ပေါက်စျေးက အခြေခံစျေးအောက်မှာ ဖြစ်နေတဲ့ စပါးအမျိုးအစား‌တွေအတွက် အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူပေးရမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ မိုးစပါးနဲ့ ၂၀၂၃ နွေစပါးအတွက် ကြမ်းခင်းဈေးကိုတော့ ကျပ် ၆၃၀,၀၀၀ သတ်မှတ်ခဲ့တာဖြစ်လို့ အခုသတ်မှတ်ချက်‌ဈေးဟာ ပြီးခဲ့တဲ့နှစ် အခြေခံ ရည်ညွှန်းစျေးနှုန်းထက် တင်း ၁၀၀ ကို ကျပ် ၁၂၀,၀၀၀ ပဲ ပိုများပါတယ်။

ဒါပေမဲ့ မြေဆီဈေးနဲ့ စိုက်ပျိုးစရိတ် အဆမတန် မြင့်တက်နေတာကြောင့် အဆိုပါဈေးနှုန်းက စိုက်ပျိုးထုတ်လုပ်သူအတွက် လုံးဝ တွက်ခြေမကိုက်နိုင်ဘူးလို့ တောင်သူတွေက ဝေဖန် ထောက်ပြကြပါတယ်။

“ဒီဈေးနဲ့က ဘယ်လိုမှမကိုက်ဘူး။ လုပ်သားခ၊ စက်ရိတ်ခတွေကတက်၊ မြေဆီ‌ဈေးနဲ့ ဆီဈေးတွေက တက်ဆိုတော့ တောင်သူအနေအထားနဲ့ ဒီဈေးနဲ့က ဘယ်လိုမှ မတွက်မိဘူး။ သွင်းအားစု‌‌ဈေးတွေ တခြားကုန်ပစ္စည်းဈေးတွေကိုကျ မထိန်းချုပ်ဘဲ တောင်သူစပါးဈေးကို ထိန်းချုပ်တာကတော့ ကျနော်တို့အတွက် အဆင်မပြေဘူး” လို့ စပါးစိုက်တောင်သူတဦးက ပြောပါတယ်။

မကြာသေးမီက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စပါးမျိုးကွဲ‌တွေအလိုက် အခြေခံ စပါးရည်ညွှန်းနှုန်းထားကို ဧည့်မထ၊ ငစိန်ကို ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်းကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧရာမင်းနဲ့ ဧရာပဒေသာစပါးကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း စသဖြင့် ဈေးနှုန်းသတ်မှတ်ပေးခဲ့တဲ့အပေါ် မျှတမှုမရှိဘူးလို့ ဝေဖန်ထောက်ပြမှုတွေ မြင့်တက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံစပါးရည်ညွှန်းဈေးကို ပြန်ကြည့်ရင် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်မှာ စပါးတင်း ၁၀၀ ကို ကျပ် ၅၀၀,၀၀၀ နှုန်း၊ ၂၀၂၀ ခုနှစ်မှာ ၅၂၀,၀၀၀ ကျပ်၊ ၂၀၂၁ ခုနှစ်မှာ ၅၄၀,၀၀၀ ကျပ်၊ ၂၀၂၂ မှာ ၆၃၀,၀၀၀ ကျပ် အသီးသီးရှိခဲ့ပါတယ်။

စပါးတင်း ၁၀၀ ကို ကျပ် ၅၀၀,၀၀၀ နှုန်း သတ်မှတ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အမြင့်ဆုံး စပါးအမျိုးအစားဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းစပါး ပေါက်ဈေးက ၇ သိန်းဝန်းကျင်သာ ရှိခဲ့တာကြောင့် ရည်ညွှန်ဈေးနဲ့ ၂ သိန်းဝန်းကျင်ပဲ ကွာဟပါတယ်။

လက်ရှိမှာ စိုက်ပျိုးထုတ်လုပ်စရိတ် သုံးဆလောက် မြင့်တက်လာခဲ့ပြီး စပါးဈေးက ပြင်ပပေါက်ဈေး ၁၂ သိန်း၊ ၁၄ သိန်းအထက် ရှိနေချိန်မှာ ရည်ညွှန်းဈေးကို ၇၅၀,၀၀၀ ပဲ သတ်မှတ်တာက မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ တောင်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013