DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်မှု ကန့်သတ်ချက်များကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်နေ 
DVB
·
October 11, 2023
ကုန်သွယ်မှု ကန့်သတ်ချက်များကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်နေ 
1 / 2
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ပို့ကုန်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကုန်သွယ်မှု ကန့်သတ်ချက်အသစ်တွေကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါးဖြစ်နေပြီလို့   ကုန်သည်ကြီးတွေထံကနေ  သိရပါတယ်။

အခုနှစ် စက်တင်ဘာ ၄ ရက်က စတင်ပြီး ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီ စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေအပြင် ရေချို၊ ရေငန် ငါးမျိုးစုံကို မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တင်ပို့ခွင့်ရပ်ဆိုင်းလိုက်ပြီး စစ်တွေ ကုန်သွယ်ရေးစခန်းမှသာ တင်ပို့ခွင့်ပြုသွားမယ်လို့ စစ်ကောင်စီ ကုန်သွယ်ရေးဌာနက သတ်မှတ်လိုက်တာပါ။

နယ်စပ်ကုန်သည်ကြီးတဦးက “မောင်တောနယ်စပ်က ကုန်တင်ပို့မှုက အလွန်မှ နည်းပါးသွားပါတယ်။ ရပ်တော့မရပ်သေးပါဘူး။ ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။ ကုန်တင်ပို့မှုက လျော့ကျသွားပါတယ်။ အရင်နဲ့ လက်ရှိအနေထားပေါ့နော်။ ဟိုဘက်နိုင်ငံက  အမှာစာတွေမှာလည်း ကန့်သတ်ကုန်တွေဖြစ်နေတော့ လိုင်စင်လက်ကျန်ရှိတဲ့သူတွေပဲ ပို့ခွင့်ရနေကြတာ။ လိုင်စင်လက်ကျန်မရှိတဲ့သူတွေကျတော့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကုန်တွေကို ပို့လို့မရပါဘူး။ စစ်တွေကပဲ ပို့ရမှာပါ။ အဓိကကုန်သွယ်ရေးဦးစီးဌာနအတွက် အခွန်အခများစွာရရှိစေတဲ့ ပြည်မကလာတဲ့ ငါးမြစ်ချင်းကိုပါ အစိုးရက ကန့်သတ်လိုက်တော့ မောင်တောဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တင်ပို့ကုန်တွေ လျော့ကျသွားတာ”လို့ ပြောပါတယ်။

ငါးမြစ်ချင်းတွေကို စစ်တွေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စက်လှေနဲ့ တင်ပို့ရာမှာ  ပင်လယ်ပြင်ကို ဖြတ်ရတာ ၁၈ နာရီအထိ ကြာမြင့်တဲ့အတွက် ငါးပျက်စီးမှုများစွာရှိနေပြီး မောင်တောကဆိုရင် မိနစ် ၂၀ သာကြာတဲ့အတွက် ငါးတွေ ပျက်စီးမှု နည်းပါးတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ကစပြီး ငါးမြစ်ချင်းတွေကို စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းကနေ  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရမှာ ငါးတန်ချိန် ၄၀ ပြည့်မီအောင် စောင့်ဆိုင်းနေရတာ၊ ပင်လယ်ပြင်ကို အချိန်ကြာမြင့်စွာ ဖြတ်သန်းရတာ၊ ရာသီဥတု ဆိုးရွားလို့ ပြန်လှည့်ပြန်လာရတာတွေကြောင့်  ငါးတွေ ပျက်စီးဆုံးရှုံးမှု အခက်အခဲနဲ့ ကြုံနေရပါတယ်။

ငါးမြစ်ချင်း ကုန်သည်တဦးက “စစ်တွေက ငါးမြစ်ချင်း တင်ပို့ရတာက အစိုးရ သတ်မှတ်ထားတဲ့ မော်တော်ဘုတ်တစီးမှာ တန်ချိန် ၄၀ ပြည့်မှ ထွက်လို့ရတာ။ တန်ချိန် ၄၀ ပြည့်အောင် ငါးမြစ်ချင်းကားတွေ ကိုစုရတယ်။ ၄ စီး ၅ စီး။ ကား ၁ စီးမှာ ၈ ဒသမ ၄ တန်ရှိတယ်။ ရာသီဥတု အခြေအနေအရကတော အာမခံချက်မရှိဘူး။ မောင်တော ဆိုရင် ကားတစီးပဲဖြစ်ဖြစ်၊ နှစ်စီးပဲဖြစ်ဖြစ် မော်တော်ဘုတ် တစီးတည်း နဲ့ပို့လိုက်ရင် အဆင်ပြေသွားတယ်။ ရာသီဥတု ဘယ်လောက်ကြမ်းကြမ်း မုန်တိုင်းရှိတယ်ဆိုဆို။ ခရီးက နီးတယ်လေ။ စစ်တွေကျတော့ အဆင်မပြေဘူး။ ငါးမြစ်ချင်းကားတစ်စီးတည်းနဲ့ ထွက်မရဘူး။ ထွက်ပေးမယ့် လှေလည်း မရှိဘူး။ လှေတွေက ကားတစ်စီးကို ဘယ်လောက်ဆိုတာ စံနှုန်းတွေ ရှိတယ်။ အဲဒီစံနှုန်းအတိုင်း အခငွေပေးရတာ။ တန်ချိန်မပြည့်ဘဲ ကားတစ်စီးတည်းနဲ့ ဘယ်လှေမှ လိုက်မပေးနိုင်ဘူး။ မောင်တောကဆိုတော့ ခရီးနီးတယ်။ လှေသေးသေးလေးတွေလည်း ရှိတယ်။ လှေသေးသေးလေးတွေနဲ့ သွားလို့ရတယ်။ စစ်တွေက ထွက်မယ်ဆို ပင်လယ်ပြင်ကြီး ဖြတ်ရတာမို့  လှေသေးသေးလေးတွေနဲ့ သွားမရဘူး။ လှေအကြီးစားနဲ့ သွားရတာ။ အန္တရာယ်ပိုရှိတယ်။ ဟိုတစ်နေ့ကပဲ လှေတစ်စီး ပို့တာ။ ရာသီဥတုမကောင်းတော့ လမ်းတဝက်က ပြန်လှည့်ပြန်လာရတယ်။ နောက်တနေ့ကျမှ အဲဒီလှေထက်ကြီးတဲ့လှေနဲ့ သွားရတယ်။ အလုပ်သမားခတွေ ကုန်တယ်။ နှစ်ကျော့ ပိုကုန်ကျသွားတာပေါ့” လို့ ပြောပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့  မောင်တောနဲ့ စစ်တွေ နှစ်ခုစလုံးကနေ ငါးမြစ်ချင်းတွေ တင်ပို့ခွင့်ပြုသင့်တယ်လို့  ငါးကုန်သည်တွေက တိုက်တွန်းပြောပါတယ်။

မြန်မာနိုင်ငံမှာ နယ်စပ်ကုန်သွယ်ရေးစခန်း ၉ ပေါက်ရှိတဲ့အနက် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ဒေါ်လာနဲ့ အဓိကကုန်သွယ်မှုပြုလုပ်တဲ့ စခန်းတစ်ခုဖြစ်ပြီး နိုင်ငံအတွက် ဒေါ်လာဝင်ငွေအများဆုံး ရှာပေးနေတဲ့ အဓိကကုန်သွယ်ရေးစခန်းတစ်ခုလည်း ဖြစ်ပါတယ်။ 

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ၂၀၂၂ ခုနှစ် မေလက ငါးမြစ်ချင်း တန်ချိန် ၁၃၀၀ ကျော် (တန်ဖိုး အမေရိကန် ဒေါ်လာ ၁၆ သိန်းကျော်)ဖိုး တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ   ၂ ဒသမ ၈၃ ရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ငါးမြစ်ချင်းတင်ပို့မှာ (တန်ချိန် ၇၀ ကျော် ) အထိ ကျဆင်းသွားခဲ့ရပြီး ပို့ကုန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ သန်းသာရှိကြောင်း ကုန်သည်ကြီးများအသင်းရဲ့  စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013