GTA 6 ဂိမ်း ဖျော်ဖြေရေးသမိုင်းတွင် အဖွင့်နေ့ဝင်ငွေ စံချိန်တင်

၁၃ နှစ်ကြာ စောင့်မျှော်ခဲ့ရတဲ့ Grand Theft Auto 6 (GTA 6) ဂိမ်းဟာ ဖြန့်ချိတဲ့ ပထမဆုံးနေ့မှာပဲ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆ ဘီလီယံ ရရှိခဲ့ပြီး ဖျော်ဖြေရေးသမိုင်းတလျှောက် အဖွင့်နေ့ဝင်ငွေ အများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
နိုဝင်ဘာ ၁၉ ရက်က စတင်ဖြန့်ချိခဲ့တဲ့ ဒီဂိမ်းဟာ ကြိုတင်မှာယူမှုနဲ့ ပထမနေ့ရောင်းအား စုစုပေါင်း ယူနစ် ၂၄ သန်းခွဲကျော် ရောင်းချခဲ့ရတယ်လို့ ဈေးကွက်သုတေသနကုမ္ပဏီ Sensor Tower က ဖော်ပြပါတယ်။
ဒီနှစ် ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်တဲ့ Spider-Man: Brand New Day တောင် ရုံတင် ပြသချိန် တလျှောက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရရှိထားတာ ဖြစ်ပါတယ်။
GTA 6 ကို ဖန်တီးတဲ့ Rockstar Games နဲ့ မိခင်ကုမ္ပဏီ Take-Two တို့ကတော့ တရားဝင် ရောင်းအား မထုတ်ပြန်သေးပေမဲ့ ဝယ်လိုအားဟာ "မကြုံစဖူး များပြားခဲ့တယ်" လို့ ပြောပါတယ်။
ရာဇဝတ်မှုနဲ့ စွန့်စားခန်းတွေကို အခြေခံထားတဲ့ GTA ဂိမ်းစီးရီးဟာ ဆယ်စုနှစ်သုံးခုနီးပါး သက်တမ်းရှိပြီး ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဂိမ်းတွေထဲက တခုဖြစ်ပါတယ်။
GTA 6 မှာတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို အခြေခံဖန်တီးထားတဲ့ Leonida ဒေသမှာ လူဆိုးစုံတွဲ Lucia နဲ့ Jason တို့ရဲ့ ဇာတ်လမ်းကို ကစားရမှာ ဖြစ်ပါတယ်။
ဒီဂိမ်းကို ဖန်တီးထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ကုန်ကျခဲ့တယ်လို့ ခန့်မှန်း ထားပြီး သမိုင်းတလျှောက် ထုတ်လုပ်မှုကုန်ကျစရိတ် အများဆုံး ဗီဒီယိုဂိမ်းလည်း ဖြစ်လာ နိုင်ပါတယ်။
ရောင်းအားရဲ့ လေးပုံသုံးပုံလောက်ဟာ PlayStation 5 အတွက်ဖြစ်ပြီး ကျန်တဲ့ ရောင်းအားတွေ ကတော့ Xbox အတွက်ဖြစ်တယ်လို့ Sensor Tower က ပြောပါတယ်။
ဂိမ်းဖိုင်အရွယ်အစားက ၂၁၂ GB ရှိတာကြောင့် စတင်ဖြန့်ချိတဲ့နေ့မှာ ဂိမ်းကစားသူတွေ အလုံးအရင်းနဲ့ ဒေါင်းလုဒ်လုပ်ခဲ့ကြပြီး ဗြိတိန်အင်တာနက်ကုမ္ပဏီ Virgin Media O2 ရဲ့ ညနေပိုင်းအင်တာနက်အသုံးပြုမှု စံချိန်လည်း ကျိုးခဲ့ပါတယ်။
GTA 6 ဟာ ဒီနှစ်ကုန်အထိ အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော် ရောင်းချရနိုင်တယ်လို့ ဈေးကွက် သုတေသနကုမ္ပဏီ Niko Partners က ခန့်မှန်းထားပါတယ်။
ဒါတောင် PlayStation နဲ့ Xbox အတွက်သာ ဖြန့်ချိထားရသေးတာဖြစ်ပြီး PC ဗားရှင်းနဲ့ Online Multiplayer ကို ဘယ်တော့ဖြန့်ချိမလဲဆိုတာတော့ Rockstar Games က တရားဝင် မကြေညာ သေးပါဘူး။
Source:Reuters











