ဒီနေ့ထုတ်ပြန်တောင်းဆိုတာဖြစ်ပြီး အခုဖြစ်ရပ်ဟာ အစ္စရေးလ်နဲ့ ဟားမတ်စ် စစ်ရေး ပဋိပက္ခအပေါ် နိုင်ငံတကာက စိုးရိမ်မှုမြင့်တက်ပြီး အာရုံစိုက်နေတာကို အခွင့်ကောင်းယူပြီး အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို အချိန်ကိုက် ထပ်ပြီး ကျူးလွန်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၉ ရက် ည ၁၁ နာရီကျော်မှာ စစ်ရှောင်စခန်းကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ၂၉ ယောက်သေဆုံး၊ ၅၆ ယောက် ဒဏ်ရရာရတယ်လို့ ပြောပါတယ်။
ပြီးတော့ တိုက်ခိုက်မှုဒဏ်ကြောင့် စစ်ဘေးရှောင်စခန်းအပြင် စာသင်ကျောင်း ၁ ကျောင်း၊ မူကြိုကျောင်း ၁ ကျောင်း၊ ဘုရားကျောင်း ၁ ကျောင်းနဲ့ အရပ်သားလူနေအိမ် အများကြီး ပျက်စီးဆုံးရှုံးခဲ့ရတာကို သိရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ စစ်ဘေးရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက်စစ်ကောင်စီက အခုလို လူမဆန်စွာ ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကချင်တိုင်းရင်းသားတွေနဲ့အတူ တသားတည်း ရပ်တည်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးတော့ ကချင်တိုင်းရင်းသားတွေရဲ့ ထိခိုက်ဆုံးရှုံးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ထပ်တူနာကျင်ခံစားရပြီး ထိခိုက်ဆုံးရှုံးရသူတွေအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ရေး အတွက် အတူတကွ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အခုလို ကျူးလွန်တာတွေနဲ့ နောက်ထပ် အလားတူထပ်ပြီး မကျူးလွန်နိုင်စေဖို့ နိုင်ငံတကာအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပိုဒ် ၂၆၆၉ အရ အချိန်နဲ့ တပြေးညီ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဟန့်တားအရေးယူပေးဖို့နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့အတူ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့လည်း အလေးအနက် တောင်းဆိုတိုက်တွန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။