Home
မြန်မာသတင်း
ပုလဲ၊ ဘုတလင်နှင့် ဗန်းမောက်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်၊ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 10, 2023

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ ဘုတလင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တို့ အောက်တိုဘာ ၉ ရက် မနက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဇော်ထက်က ပြောပါတယ်။

“မင်းတိုင်ပင်ရွာကနေ မနက်ခင်း ၈ နာရီထိုးခါနီးမှာ ပုလဲဘက်ကို စစ်‌ကြောင်းစထွက်တာ။ အဲဒါကို ကျနော်တို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့စုံက မိုင်းဆွဲတိုက်တာတွေ စလုပ်တယ်။ တိုက်ပွဲစဖြစ်တာက လက်ပုကန်ရွာအနီးမှာ စဖြစ်တယ်။ ကုက္ကိုကုန်းရွာအနီး၊ နွယ်ရှောက်လမ်းဆုံ အနီးမှာလည်း ဖြစ်ကြတယ်။ တိုက်ပွဲကတော့ ကာကွယ်‌ရေးအဖွဲ့‌တွေ သူတို့ဆိုင်ရာ၊ ပိုင်ရာနေရာကနေ မိုင်းဆွဲကြတာတွေလည်း ရှိတယ်။ နေရာတွေကတော့ ကိုယ်သိသလောက် ပြောပြရတာ။ စစ်ကြောင်းကတော့ အထိခိုက်များစွာနဲ့ ညနေ ၃ နာရီကျော်ကျော်လောက်ရောက်တော့ ပုလဲမြို့ထဲဝင်သွားပြီ။”

အဆိုပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီထောက်ခံတဲ့ အင်မထီး၊ ဇီဖြူကုန်း စတဲ့ ပျူစောထီးရွာတွေကို ရိက္ခာလာပို့ပြီး အပြန်မှာ ရွာတွေထဲဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ရှာဖွေယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၈ ရက် ည ၈ နာရီကလည်း ဘုတလင်မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တဲ့ ဒေသခံ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

“မနေ့ညကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဘုတလင်မြို့ထဲက ရဲစခန်းကို ဝင်ပစ်တာ။ စခန်းထဲက စစ်ကောင်စီတွေကတော့ အပြင်တောင် မထွက်ရဲကြဘူး။ ရဲမိန်းမတွေနဲ့ ကလေးတွေကတော့ အော်ငိုနေကြတာ။ ကျနော်တို့ အပြင်ကနေ အတိုင်သား ကြားနေရတယ်။ တိုက်ပွဲက ၄၅ မိနစ်လောက်တော့ ကြာတယ်ဗျ။ နှစ်ဖက်အထိအခိုက် အကျအဆုံးတော့ မသိရဘူး” လို့ ဘုတလင်ရဲစခန်းအနီးနေ ပြည်သူတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့၊ အရပ်သားတွေကို သတ်ဖြတ်နေတာကြောင့် စစ်ကြောင်း လာတိုင်း ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။ စားဝတ်နေရေးအတွက် အလုပ်အကိုင် ကောင်းကောင်းမလုပ်ရတာကြောင့် အခက်အခဲကြုံနေကြရကာ တချို့ဒေသခံတွေဟာ တရက်ကို ထမင်းတကြိမ်ပဲ စားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာတော့ ပြည်သူတွေရဲ့ ပစ္စည်းတွေ ခိုးယူခဲ့တဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့မှာ ပုလဲမြို့နယ် လက်ပုကန်ကျေးရွာနဲ့ ကုက္ကိုလ်ကုန်းကျေးရွာက ပြည်သူ့နေအိမ်တွေထဲက ဆန်၊ အိမ်ထောင်ပရိဘောဂ၊ စက်ပစ္စည်းအပြင် အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွား၊ ဝက်တွေကိုပါ စစ်ကောင်စီတပ်က ဝင်ရောက်ခိုးယူပြီး ကားတွေနဲ့ သယ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူက “လက်ပုကန်နဲ့ ကုက္ကိုလ်ကုန်းက အိမ်အကုန်လုံးနီးပါးက ပစ္စည်းတွေ ရေခဲသေတ္တာ၊ ရေမော်တာကအစ သယ်ယူသွားတယ်။ မင်းတိုင်ပင်ရွာက အိမ် ၅ လုံးလည်း ဖောက်ထွင်းခံရတယ်။ ဘာပစ္စည်းတွေ ပါသွားလဲတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ပစ္စည်းတွေသယ်ယူခဲ့တဲ့ စစ်ကောင်စီယာဉ်တန်းဟာ ပုလဲမြို့ပေါ် ပြန်ဝင်ချိန် လမ်းဘေးတလျှောက် ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ပုလဲ-ဂန့်ဂေါ လမ်းမကြီး ကုက္ကိုလ်ကုန်းရွာအရှေ့ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦး နေရာမှာ သေဆုံးခဲ့ပြီး စစ်ကြောင်းမှူး အပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း-၃၈ နဲ့ တိုက်ဂါး လက်နက်ကြီး Local PDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မိုင်းဆွဲတဲ့နေရာမှာပဲ စစ်သား ၅ ယောက် သေတာကို သူတို့ကားပေါ် ပြန်တင်သွားတယ်။ ဒဏ်ရာရတဲ့သူတွေက အခု ပုလဲမြို့ပေါ်က စစ်ကောင်စီ စာသင်ကျောင်းထဲမှာ ဝင်နေနေလို့ ကလေးတွေကို ကျောင်းပိတ်ထားတယ်လို့ သိရတယ်” လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၃၈ တပ်ရင်းမှူးက ပြောပါတယ်။

အခု စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၅ ရက်က စတင်ပြီး ပုလဲမြို့နယ် ကျေးရွာတွေထဲကို စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာလည်း ကျွဲကောကြီးရွာနဲ့ ထိန်ဆုံရွာကြားမှာ အောက်တိုဘာ ၉ ရက် မနက် ၁၀ နာရီလောက်ကစပြီး စစ်တပ် တပ်မ ၇၇ နဲ့ ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၄ ယောက်သေပြီး ၁ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ဗန်းမောက် တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

Banmauk Revolution-BR တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ကျွဲကောကြီးဘက်အခြမ်းကို ရောက်နေတဲ့ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို အကာအကွယ် ယူပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိ​တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ဗန်းမောက် အောင်သာကုန်းမှာရှိနေတဲ့ စစ်ကောင်စီအထိုင်တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ စခတွေဘက်က ဗိုက်ပေါက်ထွက်တဲ့သူတယောက်၊ မိုင်းထိပြီး ခြေထောက်ပြတ်တာက တယောက်၊ လောလောဆယ် သိရသလောက်တော့ ၄ ယောက်သေပြီး တယောက် ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲမှာ ညနေ ၅ နာရီအထိ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေကာ စစ်တပ်ဘက်က စစ်ကူအင်အား ၃၀ ကျော် ထပ်ရောက်လာပြီး တိုက်ပွဲက တနေကုန် တိုက်နေရတာလို့ ဗန်းမောက်မြို့နယ် ပကဖ စစ်ရေးတာဝန်ခံက ဆိုပါတယ်။

ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်တပ်ဘက်ကလည်း ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။

ကျွဲကောကြီးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အင်းတော်-ဗန်းမောက် ကားလမ်းမပေါ်မှာရှိတဲ့ရွာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်မှာ ရွာသူရွာသားတွေ မရှိကြဘူးလို့ သိရပါတယ်။

အောက်တိုဘာ ၆ ရက်ကတည်းက ကျောက်မဲတောင်အနီး ဘိုင်ဘင်ကွေ့ကို စစ်ကောင်စီတပ် ရောက်လာကြောင်း သိရှိကတည်းက ရွာက‌နေ တိမ်းရှောင်နေကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါတိုက်ပွဲကို ကသာခရိုင်တပ်ရင်း-၁၊ ၂၊ ၄၊ ဗန်းမောက်မြို့နယ် ပကဖအဖွဲ့၊ မိုင်းသုန်တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024