DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့၌ ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်
DVB
·
October 10, 2023
မြိတ်မြို့၌ ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ငါးအမှုန့်ကြိတ်စက်ရုံတချို့ကနေ အနံ့အသက် ဆိုးဝါးစွာ ထွက်လာတာကြောင့် စက်ရုံအနီးဝန်းကျင်ရှိ ရပ်ကွက်နေ ပြည်သူတွေမှာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

ငါးအမှုန့်ကြိတ်စက်‌ရုံတွေကို အန်အယ်လ်ဒီ အစိုးရလက်ထက်က အနံ့ဆိုးမထွက်အောင် ထိန်းသိမ်းခဲ့ပြီး‌ အရေးယူဆောင်ရွက်တာတွေ ရှိခဲ့တာကြောင့် အနံ့ဆိုးထွက်တာ နည်းပါးခဲ့ပြီး အခု စစ်ကောင်စီလက်ထက်မှာတော့ အနံ့ဆိုးထွက်တဲ့ စက်ရုံတွေကို အရေးယူဆောင်ရွက်တဲ့ ကိစ္စရပ်မျိုးတွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြို့ခံပြည်သူတဦးက “အရင်က ပြည်သူတွေဆို အော်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ခေါ်တယ်။ ပိတ်သိမ်းဖို့အထိ ပြောတယ်။ ဒီတော့ ကြောက်ကြတယ်။ အခုက ပြည်သူ့အသံ ထပ်ဆင့်ပြောပေးဖို့ မရှိတော့ပြီလေ။ အရင်က နည်းနည်းလေးဆို လိုင်းပေါ်မှာ အော်ပြောတဲ့သူတွေ စကစကိုကြောက်ပြီး ပါးစပ်ပိတ်ကုန်ပြီလေ။ အနံ့ရနေတာ ကြာပြီ။ ညနေစောင်းဆို ပိုနံတယ်။ လေတိုက်တဲ့အချိန် အနံ့ပိုရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စက်ရုံတွေကနေ အနံ့ဆိုး မကြာခဏ ထွက်နေ‌တာကြောင့် မြို့သစ်ရပ်ကွက်ဘက်မှာ နေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတချို့ ဖြစ်နေကြပြီး ထိပ်ကပ်နာရောဂါရှိသူတွေမှာလည်း စက်ရုံက အနံ့ဆိုးတွေကြောင့် အနာဟောင်း ပြန်ဖြစ်လာတာတွေ ကြုံလာရတယ်လို့ သိရပါတယ်။

မြို့သစ်ဒေသခံတဦးက “သက်ကြီးရွယ်အိုတွေမှာ အသက်ရှူကျပ်တာပေါ့။ ဒီအနံ့တွေ ဆိုးလာတော့ ထိပ်ကပ်နာသမားတွေဆို ရောဂါပြန်ဖြစ်လာတယ်။ ထိပ်ကပ်နာသမားတွေမှာ အနံ့ကို မခံနိုင်ဘူး။ အရင်ကလည်းထွက်တယ်။ ဒါပေမဲ့ ထိန်းသိမ်းပြောနေတော့ ပရမ်းပတာ မလုပ်ဘူး။ အခုက ပြောသမားမရှိတော့ ပိုဆိုးနေတယ်။ နေ့တိုင်းရနေတယ်။ ကမ်းနားဘက်တို့ မြို့သစ်ဘက်တို့ အဆိုးဆုံးပဲ” လို့ ပြောပါတယ်။

မြိတ်မြို့မှာ ပုံမှန်အားဖြင့် ငါးဖမ်း‌ရာသီရပ်နားတဲ့အချိန်လောက်ကစပြီး ငါးအမှုန့်ကြိတ်စက်ရုံတွေကနေ အနံ့ဆိုးဝါးတာမျိုးတွေ ကြုံလာတတ်ပြီး ငါးအမှုန့်ကြိတ်စက်ရုံ တချို့တွေမှာ မလတ်ဆတ်‌တဲ့ငါးတွေကိုပါ ရောထည့်ပြီး ကြိတ်ခွဲလာတာတွေကြောင့် အခုလို အနံ့ဆိုးဆိုးဝါးဝါး ရနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွေမှာ အရင် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ရှိခဲ့ပြီး လက်ရှိ အင်းလေးမြိုင်စက်မှုဇုန်မှာ အဆောင်ကောင်း၊ မင်းဇာနည်၊ ထူးထူးတိုးနဲ့ ဗင်တေ့ခ်ျစက်ရုံနဲ့ ပထော်ပထက်ကျွန်းမှာ ငါးအမှုန့်ကြိတ်စက်ရုံတခု ရှိတယ်လို့ သိရပါတယ်။

အရပ်သားအစိုးရတက်လာစဉ် ၂၀၁၆ ခုနှစ်တုန်းကလည်း မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတချို့ကို တိုင်းဒေသကြီးအစိုးရကနေ ကိုယ်တိုင်ဝင်ရောက်စစ်ဆေးရာမှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်တွေကို လိုက်နာခဲ့တာတွေ မရှိတဲ့အတွက် စက်ရုံတချို့ကို ၆ လကြာ ရပ်ဆိုင်းခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013