
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကျည်တချို့ ဘုန်းကြီးကျောင်းဝင်းထဲ ကျတာကြောင့် ကျောင်းဆောင်ပျက်စီးခဲ့သလို ကိုယ်ဝန်ဆောင်မိခင်တဦးလည်း ထိမှန်ဒဏ်ရာ ရသွားပါတယ်။
ကွန်ကောက်ကျေးရွာမှာ သိန္နီနဲ့ ချင်းရွှေဟော်သွား ကားလမ်းမကြီးဘေးက ရွာကြီးဖြစ်ပြီး ကေအိုင်အေတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကတည်းက ရွာထဲနဲ့ ဘုန်းကြီးကျောင်းအနီးမှာ လာရောက်တပ်စွဲထားပြီး လမ်းပေါ်ထွက်ကာ ဖြတ်သန်းသွားလာနေတဲ့ ကားကြီးကားငယ်တွေကို အခွန်ကောက်ခံခဲ့ကြောင်း၊ အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ကြတယ်လို့ ကွန်ကောက်ရွာသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကေအိုင်အေတွေက လမ်းပေါ်ထွက်စောင့်ပြီး ကားကြီးကားငယ်တွေကို ဆက်ကြေးကောက်တာ။ အထူးသဖြင့် ကုန်တင်ကားကြီးတွေပေါ့၊ ကုန်ပစ္စည်းတွေပေါ် မူတည်ပြီး ကားတစီးကို ကျပ် သိန်း ၅၀ ကနေ ၈၀ ထိ ကောက်တယ်ကြားတယ်။ ရွာထဲမှာတော့ မကောက်ပါဘူး။ ကားသမားတချို့က မပေးချင်လို့ စစ်တပ်ကို တိုင်တာထင်တယ်။ အဲဒါ ၅ ရက်နေ့မှာ မြန်မာစစ်တပ် ရောက်လာပြီး တင်းလူမ်းရွာနားမှာ စခန်းချတယ်။ ၇ ရက်နေ့ကျတော့ ကချင်စစ်သားရှိတဲ့ဘက်ကို အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ဘုန်းကြီးကျောင်းဇရပ် ခေါင်မိုးပေါက်ကုန်တယ်။ လက်နက်ကြီးကျည်တခုက ကျောင်းတိုက်ဘေးမှာ ကျလာတယ်။ ကျောင်းတိုက်က သံဃာအပါး ၁၀ ကျော် ဟိုမိန်းကျောင်းတိုက်ကို ထွက်ပြေးရတယ်။ အဲဒီနေ့က ညနေထိ ပစ်ခတ်သံကြားတယ်။ နောက်နေ့လည်း ပစ်ကြတယ်။ ရွာသားတွေလည်း ထွက်ပြေးတယ်။”
အောက်တိုဘာ ၉ ရက် ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာလည်း ကောင်းချိုကျေးရွာထဲကို လက်နက်ကြီးကျပြီး အိမ်ခြံထဲမှာ အလုပ်လုပ်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ထိမှန်သွားပါတယ်။
လက်နက်ကျည်စဟာ သူ့ရဲ့နောက်ကျောကို ထိမှန်ပြီး သိန္နီဆေးရုံကို ခေါ်သွားတယ်၊ သိန္နီဆေးရုံကနေတဆင့် အခု လားရှိုးဆေးရုံကို ဆက်ပို့လိုက်တယ်လို့ ရွာသားက ပြောပါတယ်။
ကေအိုင်အေတပ်ဖွဲ့ဝင်တွေဟာ ကွန်ကောက်ရွာထဲတင်မကဘဲ ကျေးရွာအုပ်စုတွင်းရှိ တန့်ခန်၊ နောင်မောင်း အစရှိတဲ့ ရွာတွေထဲမှာပါ ဝင်နေတော့ ရွာသားတွေ မနေရဲတော့ဘဲ ထွက်ပြေးကြကြောင်း၊ ဒီကနေ့ထိ ကုန်ကောက်နဲ့ စယ့်အူရွာကြားရှိ ကွန်ကောက်၊ ပိန်းဟုန်း၊ ဝမ့်ဟေ့၊ နောင်မောင်း၊ ပိန်းကန်း၊ ဟိုနောင်၊ ဖိုင်ခမ်း အစရှိတဲ့ကျေးရွာက ရွာသား ၅၀၀ ကျော် ၆၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
လက်ရှိ သိန္နီမြို့နယ် ဟိုမိန်းကျောင်းတိုက်မှာ စစ်ဘေးရှောင် ၁၀၀ ကျော်၊ စယ့်အူကျောင်းတိုက်မှာ ၃၀ ကျော်၊ ဖိုင်ခမ်းကျောင်းတိုက်မှာ ၃၀ ကျော်ရှိကာ ကျန်သူတွေကတော့ သိန္နီမြို့ပေါ်နဲ့ ဆွေမျိုးသားချင်းရှိရာ တခြားရွာတွေမှာ တိမ်းရှောင်နေတာကြောင့် စာရင်းအတိအကျ မသိရဘူးလို့ ဆိုပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေဟာ ကွန်ကောက်ရွာမြောက်ဘက် ပိန်းဟုန်းရွာအနီး တောင်ပေါ်ဘက်ကို ဆုတ်ခွာသွားပြီး အဲဒီတောတောင်ထဲကနေ စစ်တပ်ကို ပြန်လည်ပစ်ခတ်နေတယ်လို့ ရွာသားက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် နေအိမ်တချို့ ထိခိုက်မှုရှိပေမဲ့ အရေအတွက် မသိရကြောင်း၊ အခုလို ရပ်ရွာအနီးနားမှာ တိုက်ပွဲလာဖော်နေကြတော့ လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်နေကြတဲ့ ရွာသားတွေ လုပ်ငန်းခွင်ဆင်းဖို့ အခက်အခဲဖြစ်နေတယ်လို့ ကွန်ကောက်ဒေသခံက ပြောသွားပါတယ်။
ဓာတ်ပုံ - သိန္နီဒေသခံ