
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ရက္ခိုင့်တပ်တော် (အေအေ) က စတင်ဖမ်းဆီးနေကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။
“ရက္ခိုင့်တပ်တော် (အေအေ) က ရခိုင်မှာ မူးယစ်ဆေးရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေကို မင်းပြားမြို့နယ်က စတင်ပြီး ဖမ်းဆီးတယ်လို့ ပြောလို့ရတယ်။ ဒီလို တခါမှ ဖမ်းဆီးတာ မရှိခဲ့ဘူးလေ။ နောက် ရခိုင်ပြည်နယ်အနှံ့က မြို့နဲ့ ကျေးလက်ပါမကျန် အခုလို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးဖို့ လိုအပ်တယ်။”
မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၁၃ ဦးကို အောက်တိုဘာ ၈ ရက်၊ ညဉ့် ၂ နာရီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ညဉ့်အချိန် ဝင်ရောက်ပြီး ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့ကြတာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၄ဝ ကျော်အရွယ်တွေနဲ့ ၁၈ နှစ်အရွယ်တွေ ပါဝင်ပြီး စွန်ရဲရွာ အပါအဝင် အနီးအနားကျေးရွာကလည်း ပါဝင်ကြောင်း ဒေသခံတွေထံက သိရပါတယ်။
အခုလို မူးယစ်ဆေးနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးအရေးယူတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်၊ ကျေးရွာတွေပါ ချန်မထားဘဲ အခုလို ဖမ်းဆီးအရေးယူဖို့ လိုအပ်နေတယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေက လေ့လာ သုံးသပ်ကြပါတယ်။
“ULA/AA အနေနဲ့ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ဖမ်းဆီးတာလို့ ပြောလို့ရတယ်။ မင်းပြားမှာ မူးယစ်ဆေးသုံးသူတွေနဲ့အတူ WY ဆေးပြား ၆၀၀ ကျော်ကို ဖမ်းဆီးမိတယ်လို့ သိရတယ်ဗျ။ မင်းပြားက စွန်ရဲကျေးရွာအနီးတဝိုက်က ရွာတွေမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကိုပါ အေအေက ဆက်လက်စုံစမ်းနေတယ်လို့ သိရတယ်။ ရခိုင်ပြည်နယ် မြို့နယ် ကျေးရွာတွေပါမကျန် အခုလို ဖမ်းဆီးဖို့ လိုအပ်နေပြီ။ လူငယ်တွေ မူးယစ်နွံနစ်နေကြတာ။”
လက်ရှိ ရခိုင်ဒေသမှာ စိတ်ကြွမူးယစ်ဆေးတွေကို မြို့ရွာ ကျေးလက်ပါမကျန် အလွယ်တကူ ရောင်းဝယ်ဖောက်ကားလာနေကြပြီး သုံးစွဲသူဦးရေမှာလည်း တနေ့ထက်တနေ့ ပိုမိုများလာနေတာပါ။
စိတ်ကြွမူးယစ်ဆေးတွေကို ရခိုင် လူငယ်လူရွယ်တွေ၊ ကျောင်းသူ ကျောင်းသားတွေပါ သုံးစွဲမှု မြင့်တက်လာနေတာကြောင့် ULA/AA နဲ့ စစ်ကောင်စီကပါ စနစ်တကျ ထိန်းသိမ်းကြပ်မတ်ဖို့ လိုအပ်နေကြောင်း ရခိုင်ဒေသခံတွေက လိုလားနေကြပါတယ်။
ဓာတ်ပုံ- APM