DVB Logo
Home
မြန်မာသတင်း
ပဲခူးမြစ်ရေကြီးပြီး ရထားလမ်းရေကျော်သဖြင့် ရထားခရီးစဉ်အချို့ ယာယီရပ်နား
DVB
·
October 9, 2023
ပဲခူးမြစ်ရေကြီးပြီး ရထားလမ်းရေကျော်သဖြင့် ရထားခရီးစဉ်အချို့ ယာယီရပ်နား
Donate to DVB

ပဲခူးမြစ်ရေကြီးပြီး ရထားလမ်းရေကျော်မှုကြောင့်  ရန်ကုန်မှ မန္တလေးဘက်ကို ထွက်ခွာလာမယ့် အမှတ် ၅ အဆန်ရထားနဲ့ အမှတ် ၃ အဆန်အမြန်ရထား  ခရီးစဉ် ၂ ခုစလုံးကို ယာယီရပ်နားထားလိုက်တယ်လို့  မြန်မာ့မီးရထားဌာနကနေ သိရပါတယ်။

ရထားခရီးစဥ်တွေ ရပ်နားထားရတာကြောင့် လက်မှတ်ဝယ်ယူထားတဲ့ခရီးသည်တွေကို သက်ဆိုင်ရာ မီးရထားဌာနမှာ လက်မှတ်ပြပြီး ငွေပြန်အမ်းပေး​နေတယ်လို့ မီးရထားဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပဲခူးလမ်းပိုင်းမှာ ရထားလမ်းရေကျော်နေလို့ အောက်တိုဘာ ၉ ရက် ဒီနေ့မနက်က  မော်လမြိုင်ဘူတာ​ကြီးမှ ထွက်ခွာမယ့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားနဲ့ ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမယ့် အမှတ်(၈၁) အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ်တွေကို ယာယီဖျက်သိမ်းလိုက်ပါတယ်။

ရထားလက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေကို မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံမှာ လက်မှတ်တွေ မနက် ၇ နာရီ မှ ၁၀ နာရီထိ ပြန်အမ်းပေးသွားမယ်လို့ အသိပေးထားပါတယ်။

ပဲခူးဘူတာနဲ့ ရွှေလှေဘူတာကြား မိုင်တိုင်အမှတ် (၅၀/၃-၇) ရထားလမ်း အလျားပေ ၅၀၀ လောက်မှာ သံလမ်းအပေါ် ရေ ၁၈ လက်မလောက် ကျော်တက်နေပြီး ရထားတွေ ဖြတ်သန်းနိုင်မှုမရှိသလို့ လူစီးအမြန်ရထား (၂) စင်း ခရီးစဥ်ကို ရပ်ဆိုင်းထားရပါတယ်။

မန္တလေးမှ ထွက်ခွာလာတဲ့ အမှတ် (၄) အစုန် လူစီးအမြန်ရထားဟာ ပျဉ်ပုံကြီးဘူတာမှာ မနက် ၈ နာရီနဲ့ ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မော်လမြိုင်မှ ထွက်ခွာလာတဲ့ အမှတ်(၈၂)အစုန် လူစီးအမြန်ရထားဟာ ဝေါဘူတာမှာ မွန်းလွဲ ၂ နာရီခွဲ အသီးသီးရောက်ရှိနေပြီး ရေပြန်လည်ကျဆင်းမယ့်အချိန်ကို စောင့်ဆိုင်းနေရတယ်လို့ မြန်မာ့မီးရထားဌာနက နေသိရပါတယ်။

အဆိုပါရထားပေါ် လိုက်ပါလာတဲ့ ရန်ကုန်ဆက်သွားမယ့် ခရီးသည် ၂၂၅ ဦးကို မော်တော်ယာဉ် ၅ စီးနဲ့ ပျဉ်ပုံကြီးမှ ရန်ကုန်ဘူတာကြီးအထိ ဆက်လက်ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့ရပါတယ်။

မော်လမြိုင်မှလာတဲ့ အမှတ် (၈၂) အစုန် အမြန်ရထားတွဲဆိုင်းကို ရပ်နားထားတဲ့ ဝေါဘူတာမှ  ကလိဘူတာသို့ ရွှေ့ပြောင်းပြီးနောက် ခရီးသည် အယောက် ၅၇၀ ကို မော်တော်ယာဉ် ၁၀ စီးနဲ့  ရန်ကုန်ဘူတာကြီးသို့ ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ရပါတယ်။

ရေကျော်တက်နေတဲ့ ရထားလမ်းပိုင်းအတွင်း ရေပြန်လည်ကျဆင်းသွားချိန်မှာ လမ်း ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သလို မွမ်းမံပြင်ဆင်ကာ ရထားခရီးစဉ်တွေ ပုံမှန်ပြန်လည် ပြေးဆွဲသွားမယ်လို့  မီးရထားဌာနကနေ သိရပါတယ်။ 

အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းတာချက်အရ ပဲခူးမြစ်ရေဟာ ပဲခူးမြစ်ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲလောက် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ၃ ပေလောက် ရောက်မယ်လို့  မိုးဇလဌာနက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

ပဲခူးမြစ်ရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်ရှိ စခန်း ၁၉ ခုမှာ လူပေါင်း  ၇၀၂၅ ဦး၊ ကျေးရွာ ၅ ရွာရှိ စခန်း ၅ ခုမှာ လူဦးရေ ၉၆၁ ဦး ပြောင်းရွှေ့ထားရတယ်လို့ ကယ်ဆယ်ရေးသမားတွေဆီကနေ သိရပါတယ်။ 

လက်ရှိ ပဲခူးမြို့တွင်းလမ်းတွေ ရေကျော်နေလို့ မော်တော်ယာဉ်တွေ ဖြတ်သန်းမရသလို ပဲခူးမြို့နယ်မှ အခြေခံပညာကျောင်း ၃၄ ကျောင်း ယာယီပိတ်ထားရတာပါ။

ပဲခူးမြို့မှာ အခုနှစ်အတွင်း  ၄ ကြိမ်မြောက် ရေကြီးတာဖြစ်ပြီး ပဲခူးမြစ်အထက်ပိုင်းမှာ မိုးဆက်လက်ရွာသွန်းနေသလို ဇောင်းတူဆည်ရေ ဖောက်ချနေတာကြောင့် ရေကြီးနစ်မြုပ်တဲ့  ဒဏ်ကို ထပ်မံခံစားနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013