Home
မြန်မာသတင်း
ကလေးမြို့တွင် မြေးအဘွား ၂ ဦးကို စစ်ကောင်စီ သတ်ဖြတ်မီးရှို့
DVB
·
October 8, 2023

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက္ကန့်ရွာကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၈ ရက် ဒီနေ့ မနက်ပိုင်းအထိ မီးရှို့နေသလို ဒေသခံ‌‌ မြေးအဖွား ၂ ယောက်ကို ပစ်သတ်ပြီး ရုပ်အ‌လောင်းနဲ့ ဆိုင်ကယ်ကိုပါ မီးရှို့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ရွာထဲက ပြေးဖို့ပြင်ဆင်နေတုန်း စစ်ကောင်စီတပ်နဲ့ တွေ့ဆုံပြီး ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

စက္ကန့်ရွာအနီးက ဒေသခံတယောက်က “ရွာကိုတော့ အခုမနက်ပိုင်းထိ မီးရှို့နေတာ။ မနေ့က ညနေပိုင်း တိုက်ပွဲအေးလို့ ရွာထဲဝင်ကြည့်တာမှာ တွေ့ခဲ့ရတာ။ ‌ရွာက စာသင်ကျောင်းမှာ စစ်သားတွေရှိလို့ ပြန်ပြေးခဲ့ကြရတာ။ သူတို့ မြေးအဖွား ၂ ယောက်က ပစ်သတ်ခံရပြီး မီးရှို့ခံထားရတာ ဖြစ်နိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူတွေဟာ ချင်းတိုင်းရင်းသားတွေဖြစ်ကြပြီး အသက် ၆၇ နှစ် အရွယ် အဖွား ဒေါ်ငိုက်နဲမ်နဲ့ အသက် ၁၄ နှစ်အရွယ် မြေးဖြစ်သူ ဗန်ဘွဲ့လျံလဲ တို့ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေက မွှန်ထာဘက်ကနေ စက္ကန့်ရွာဘက်ကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာခဲ့ရာကနေ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိ‌သလို ဒေသခံကာကွယ်ရေးတပ်ဘက်ကို ဆက်သွယ်ခဲ့ရာမှာလည်း ဖြေကြားဖို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။

ဩဂုတ် ၁၂ ရက်နေ့ကလည်း စက္ကန့်ရွာ ကျောက်ခွဲစက်အနီးမှာ စစ်ကောင်စီ တပ်သားတွေက ကျွန်းချောင်းရွာဒေသခံ သားအမိ ၂ ယောက်ကို ပစ်သတ်ပြီး ရုပ်အလောင်းနဲ့ ဆိုင်ကယ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ စက္ကန့်ကျေးရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီ  ၅ ရက်နဲ့ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့လို့ အိမ် ၈၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဓာတ်ပုံ-CNO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024