အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေတွေမှာ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီအထိ ရထားတဲ့ စာရင်းအရ လူအယောက် ၄၅၀ကျော် သေဆုံးခဲ့တယ်လို့ အစ္စရေးနဲ့ ပါလက်စတိုင်း အရာရှိတွေကို ကိုးကားပြီး သနယူးယောက်တိုင်းမ်စ်သတင်းဌာနက ဖော်ပြပါတယ်။
လူအယောက် ၁၈၀၀ လောက် ဒဏ်ရာရထားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပြီး လူအယောက် ၉၀၀ ကျော် ဒဏ်ရာရထားတယ်လို့ အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ပြောတဲ့အကြောင်း ABC သတင်းဌာနက ဖော်ပြပါတယ်။
လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုဖြစ်အပြီး တရက်အကြာ အောက်တိုဘာ ၇ ရက် ညမှာ ပေါက်ကွဲမှုတွေကြောင့် ဂါဇာကမ်းမြောင်ရဲ့ ကောင်းကင်ယံမှာ လင်းထိန်နေပါတယ်။
ပါလက်စတိုင်းအခြေစိုက် ဟားမတ်စ်အဖွဲ့က သေနတ်သမားတွေဟာ စနေနေ့က အစ္စရေးမြို့တွေ တလွှား စီးနင်းတိုက်ခိုက်ခဲ့လို့ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့အပြီး အစ္စရေး ဓားစာခံတွေနဲ့ အတူ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ယွန်းကစ်ပါးရ် စစ်ပွဲနောက်ပိုင်း အစ္စရေးမှာ အဆိုးရွားဆုံး အကြမ်းဖက်တဲ့နေ့ ဖြစ်လာပါတယ်။
အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြင်းပြင်း ထန်ထန် ဒဏ်ခတ်မယ်လို့ ကတိပြုခဲ့ ပါတယ်။
အစ္စရေးက အဆိုးရွားဆုံး လက်တုံ့ပြန်ရင်း လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဂါဇာ ဒေသခံ အယောက် ၃၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ABC သတင်းဌာနက ပြောပါတယ်။
ဂါဇာမှာ အနက်ရောင် မီးခိုးတွေနဲ့ လိမ္မော်ရောင် မီးတောက်တွေ ညနေခင်း ကောင်းကင်ယံမှာ လျှံထွက် နေပါတယ်။
အရေးပေါ် လူနာတင်ယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်မှုတွေနဲ့ အပြိုင်အဆိုင် မောင်းနှင် နေတာက လွဲလို့ လမ်းတွေမှာ လူသူ ကင်းမဲ့နေပါတယ်။
အစ္စရေးတွေက လျှပ်စစ်မီးတွေကို ဖြတ်တောက်လို့ မြို့တွေ မှောင်မိုက် နေပါတယ်။
ဂါဇာကမ်းမြောင်ဒေသနားက အစ္စရေးမြို့တွေနဲ့ စစ်အခြေစိုက် စခန်းအများအပြားကို စစ်သွေးကြွ တွေက တိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ်က အတည်ပြုခဲ့ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ်အဖွဲ့ကလည်း စစ်ကြေညာခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လက်တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပါတယ်။
လျှပ်တပြက် တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းစစ်သွေးကြွတွေက အစ္စရေးဆီကို ချိန်ရွယ်ပြီး ဒုံးကျည် စီးရေ ၂၂၀၀ ထက်မနည်း ပစ်လွှတ်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးတပ် IDF က ပြောပါတယ်။
ဟားမတ်စ်တွေကတော့ ဒုံးကျည် စီးရေ ငါးထောင်ထက်မနည်း ပစ်လွှတ်ခဲ့ပြီး အစ္စရေး တောင်ပိုင်းနဲ့ အလယ်ပိုင်းကို ဒုံးကျည်တွေ ကျရောက်ခဲ့တယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။
Source/Photo-Reuters