
တောင်အမေရိကနိုင်ငံအတွင်း တရားမဝင် တိရစ္ဆာန်အစိတ်အပိုင်းများ ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး တစိတ်တပိုင်းအဖြစ် ပီရူးနိုင်ငံမှာ အောက်တိုဘာ ၆ ရက်က ငါးမန်းတောင် ၁၆၀၀ ကျော်ကို သိမ်းဆည်းခံခဲ့ရပါတယ်။
အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ငါးမန်းတောင်တွေကို ပွီရာမြို့ရှိ ဘတ်စ်ကားတစီးပေါ်မှာ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
“ငါးမန်းတောင်တွေကို ပါဆယ်ထုပ် ၃ ထုပ်နဲ့ သယ်ဆောင်လာတဲ့ ဘတ်စ်ကားတစီးကို ပိုက်တာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအဖွဲ့ကနေ ဘိုင်ယိုးဗာဂိတ်မှာ ဖမ်းမိထားတယ်”လို့ ပိုက်တာ အကောက်ခွန်ဌာနမှ ဟော်ရ်ဟဲ ဂါယို အလ်ဗာရာဒိုက ပြောပါတယ်။
ဖော်ထုတ်တွေ့ရှိခဲ့တဲ့ မျိုးစိတ်တွေက ငါးမန်းပြာနဲ့ ဆူးတောင်တို မာကိုငါးမန်းတွေ ဖြစ်ပြီး စုစုပေါင်း ၁၆၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
ဒီမျိုးစိတ်တွေဟာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေတာကြောင့် သူတို့ကို CITES သဘောတူညီချက် နဲ့ ကာကွယ်ထားတာပါလို့လည်း ရှင်းပြပါတယ်။
CITES သဘောတူညီချက်ဟာ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်တွေရဲ့ မျိုးသုဉ်းအန္တရာယ်ရှိ မျိုးစိတ်များဆိုင်ရာ နိုင်ငံတကာ ကုန်သွယ်မှု သဘောတူစာချုပ် ဖြစ်ပါတယ်။
ပီရူးနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ငါးမန်းတောင်တွေကို တင်ပို့တဲ့နိုင်ငံ ဖြစ်ကြောင်း အဏ္ဏဝါကာကွယ်ရေးအဖွဲ့အစည်း အိုရှင်းနားက ပြောကြားခဲ့ပါတယ်။
ငါးအလွန်အကျွံ ဖမ်းခြင်းကနေ ငါးမျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ဒီတန်ဖိုးမြင့်တဲ့ ငါးမန်းဆူးတောင်တွေ ကို စီးပွားဖြစ် ဖမ်းနေကြတာ လို့လည်း ပိုက်တာ အကောက်ခွန်ဌာနမှ ဟော်ရ်ဟဲ ဂါယို အလ်ဗာရာဒို က ပြောဆိုပါတယ်။
ဖမ်းမိသမျှ ငါးမန်းတောင်တွေကို များသောအားဖြင့် အာရှကို ပို့လေ့ရှိပြီး ငါးမန်းတောင်ဟင်းချိုဟာ တပန်းကန်ကို ဒေါ်လာ ၁၀၀ ကျော် ကုန်ကျနိုင်တဲ့ ဟင်းလျာဖြစ်ပါတယ်။
Source/Photo-Reuters










