DVB Logo
Home
မြန်မာသတင်း
အင်တာနက် လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးမှု အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက် 
DVB
·
October 6, 2023
အင်တာနက် လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးမှု အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက် 
Donate to DVB

အင်တာနက်လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးတာဟာ ပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်ရာရောက်ပြီး စစ်ကောင်စီအနေနဲ့  ဒီအတွက် တာဝန်ခံမှုရှိဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ အင်တာနက် လွတ်လပ်ခွင့် ဒုတိယအဆိုးရွားဆုံး ဖိနှိပ်နေတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန် အခြေစိုက်  Freedom House အဖွဲ့က အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွတ်လပ်ခွင့်အစီအရင်ခံစာမှာ ဖော်ပြထားတာပါ။  

ဒါနဲ့ပတ်သက်ပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက “နည်းပညာခေတ်မှာ အင်တာနက်ကို အသုံးပြုပြီးတော့ သတင်းအချက်အလက် လက်လှမ်းမီခွင့် မျှဝေဖြန့်ချိခွင့်ဆိုတာ အခြေခံအခွင့်အရေး ဖြစ်တယ်။ ဒါကို စစ်ကောင်စီက ပိတ်ပင် တားဆီးတယ် ဆိုတာ အခြေခံလူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်ရာ ရောက်တယ်။ ဒီအတွက် တယ်လီကွန်မြူနီကေးရှင်းကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးတော့ တခြားသောသူတို့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေလည်း သူတို့ ပြန်တည်ဆောက် စသဖြင့် သူတို့ လုပ်လာခဲ့တဲ့ဟာတွေ ရှိတယ်။ ဒါတွေက ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သလို ဒီအတွက် သူတို့ တာဝန်ခံမှုရှိဖို့ လိုတယ်” လို့ ပြောပါတယ်။

Freedom House အဖွဲ့က ဒီအစီအရင်ခံစာကို ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကို အခြေခံ မှတ်တမ်းပြုစုထားတာ ဖြစ်ပြီး နိုင်ငံပေါင်း ၂၉ နိုင်ငံဟာ အဆိုးရွားတဲ့ အခြေအနေကို ရောက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစပြီး အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီတွေကို စစ်တပ်က ထိန်းချုပ်ခဲ့တာ၊ ဒေသအလိုက် အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာ၊ ဒေတာအသုံးပြုခွင့်ဈေးတွေ တက်ခဲ့တာ၊ လူမှုကွန်ရက်တွေကို အခြေခံပြီး ပြည်သူတွေကို ခြိမ်းခြောက် ဖမ်းဆီး တရားစွဲ ထောင်ချတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အင်တာနက် လွတ်လပ်အသုံးပြုခွင့်ဟာ တရုတ်နိုင်ငံရဲ့ နောက် ဒုတိယအဆိုးရွားဆုံးနေရာကို မြန်မာနိုင်ငံက ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက သူတို့အပြစ်တွေကို ပြည်သူနဲ့ နိုင်ငံတကာ မသိအောင် ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ပြစ်မှုတွေအတွက် ပြန်ပေးဆပ်ရမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးက ပြောပါတယ်။

“ပြစ်မှု စဉ်ဆက်မပြတ် ကျူးလွန်လာတဲ့ဟာတွေကို အများပြည်သူမသိအောင် နိုင်ငံတကာ မသိအောင် ပိတ်ပင်တားဆီးတဲ့ဟာ တချက်ပေါ့နော်။ ဒုတိယအချက်က ဘာလဲဆိုတော့ သတင်းအချက်အလက်တွေကို သူတို့ အမှောင်ချထားရရေး၊ ကြိုက်သလို သူတို့၊ အရင်လိုပေါ့ အမှောင်ခေတ်လို လူထုကို ပါးစပ်ပိတ် နားပိတ် လုပ်လို့ရတဲ့ အနေအထားမျိုး ရောက်သွားမလားပေါ့။ နိုင်ငံရေး ရေချိန်တက်မလာဘူးဆိုတာကိုလည်း သူတို့ပေးချင်တယ်၊ တတိယအချက်က ဘာလဲဆိုတော့ တော်လှန်ရေးအင်အားစုနဲ့ ဒီမိုကရေစီအင်အားစုတွေကို ခြေရာခံနိုင်ဖို့ ဆင်းမ်ကတ်တွေ မှတ်ပုံပြန်တင်ခိုင်းတာတို့ စသဖြင့် ဘယ်သူက သုံးနေသလဲ ဘယ်က သုံးနေသလဲ စသဖြင့် တပြိုင်တည်းမှာ တယ်လီကွန်မြူနီကေးရှင်းကုမ္ပဏီတွေကို ဖိအားပေးပြီး လုပ်တာတွေ ရှိလာတယ်ပေါ့။ ပြည်သူလူထုကို ဘယ်လိုနည်းနဲ့ ထိန်းချုပ်လို့ရမလဲ ဆိုတာ လုပ်တာဖြစ်တဲ့အတွက် အခြေခံအခွင့်အရေးတွေ အများကြီး ဆုံးရှုံးရတာပေါ့။ ပြစ်မှုကျူးလွန်တဲ့အတွက် သူတို့ ပေးဆပ်ရလိမ့်မယ်၊ ဒီလိုလုပ်တဲ့အတွက် ကျနော်တို့က ဒီအတိုင်း သင်ပုန်းချေမယ့် အနေအထားတော့ မဟုတ်ဘူးဗျ။”

စစ်အာဏာသိမ်းပြီးပြီးချင်းမှာ စစ်ကောင်စီက အင်တာနက်ဖိုင်ဘာလိုင်းတွေကို ဖြတ်တောက်ခဲ့ပြီး သတင်းအမှောင်ချတာ၊ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီတို့ကနေ ဝါဒဖြန့်သတင်းတွေ ထုတ်လွှင့်တာတွေ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း သူတို့စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်လာတာကြောင့် အင်တာနက်လိုင်းတွေကို အကန့်အသတ်နဲ့ ပြန်ဖွင့်ခဲ့တာပါ။

အင်တာနက် ဖြတ်တောက်မှုကြောင့် ဘဏ်လုပ်ငန်းတွေကစပြီး စီးပွားရေးလုပ်ငန်းအဆင့်ဆင့်ကို အကျိုးသက်ရောက်မှုကြီးခဲ့ပြီး အစိုးရယန္တရား ရပ်ဆိုင်းလုဖြစ်ခဲ့တဲ့အတွက် စစ်ကောင်စီက လိုင်းတွေ ပြန်ဖွင့်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ ဘဏ်လုပ်ငန်းတွေ၊ အွန်လိုင်းငွေလွှဲလုပ်ငန်းတွေကို စစ်ကောင်စီက စောင့်ကြည့်နေပြီး ပြည်သူတချို့ ဘဏ်အကောင့်ပိတ်ခံရတာတွေ၊ စစ်ဆေးခံရတာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက် ပြည်သူတွေရဲ့ အင်တာနက် အသုံးပြုခွင့်ကို ကန့်သတ်နိုင်ဖို့ နည်းလမ်းစုံနဲ့ကြိုးစားခဲ့တာပါ။ အင်တာနက် လိုင်းဆွဲအားတွေ ကျဆင်းအောင်လုပ်တာ၊ ဝိုင်ဖိုင်သုံးလို့ မရအောင် လျှပ်စစ်မီးပုံမှန်မပေးတာ၊ ဆန္ဒပြပွဲတွေ၊ မြေပြင်စစ်ရေး မတည်ငြိမ်တဲ့နေရာတွေမှာ နေရာအလိုက်ကွက်ပြီး အင်တာနက် ဖြတ်တောက်တဲ့စက်တွေ အသုံးပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။

Synergy လူမှုသဟဇာတဖြစ်ရေးအဖွဲ့ ဒါရိုက်တာ ကိုသက်ဆွေဝင်းက “မြန်မာပြည်အတွက် အင်တာနက် နောက်ခံကျောရိုးကအစ နည်းပညာတွေအကုန်လုံး နောက်ပြီး စောင့်ကြည့်လို့ရတဲ့ CCTV တွေကအစ ဒါတွေအကုန်လုံး တရုတ်ကနေပဲ သွင်းကြတာ များတယ်။ မြန်မာပြည်ရဲ့ လက်ရှိ နည်းပညာပေါ့လေ။ လူထုကို ဖိနှိပ်ဖို့အတွက် စောင့်ကြည့်ဖို့အတွက် နည်းပညာတွေအကုန်လုံး အများစုက တရုတ်ကလာတဲ့ဟာတွေ၊ အထူးသဖြင့် ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ မြန်မာစစ်တပ်ကို နည်းပညာအထောက်အကူပေးနေတာ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်အစိုးရကတော့ အဓိကပါတယ်။ သူတို့ဆီကပဲ နည်းပညာတွေ အကြံဉာဏ်တွေ ယူပြီးတော့ ပြည်သူတွေကို ဘယ်လိုမျိုး ဖိနှိပ်လို့ရမလဲ၊ ပြီးတော့ ဗျူဟာတားဆီးထားရမလဲဆိုတာမျိုး လုပ်တယ်လို့တော့ ကျနော် ယူဆတယ်”လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်ပဆက်သွယ်ရေးလုပ်ငန်းတွေထဲမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တဲ့ တယ်လီနောနဲ့ အူရီဒူးကုမ္ပဏီတို့ဆီက ပြည်သူတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီက ရယူခဲ့တာ၊ တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ရက်တွေကနေ စောင့်ကြည့်ပြီး နောက်ယောင်ခံလိုက်တာ၊ သတင်းအချက်အလက်တွေ ရယူဖို့ ကြိုးစားတာတွေကိုလည်း စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။

Freedom House ရဲ့ အစီအရင်ခံစာမှာတော့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၃ နှစ် ဆက်တိုက်ကျဆင်းခဲ့ပြီး နိုင်ငံတချို့ဟာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ချိုးဖောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013