DVB Logo
Home
မြန်မာသတင်း
ဖာပွန်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေပြီး တိုက်ပွဲများ ပိုမိုဖြစ်ပွားလာ
DVB
·
October 5, 2023
ဖာပွန်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေပြီး တိုက်ပွဲများ ပိုမိုဖြစ်ပွားလာ
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက တပ်စခန်းတွေ ထပ်မံမကျရေးအတွက် စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းပြီး လှုပ်ရှားလာတာကြောင့် တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတယ်လို့ ကေအန်ယူ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU ) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတဲ့အပြင် စခန်းတွေပါ မီးရှို့ဖျက်ဆီးခံနေရပါတယ်။

စစ်ကောင်စီတပ်စခန်းတွေ ထပ်မံမကျရေး စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းပြီး ပိုမိုလှုပ်ရှားလာတာကြောင့် နယ်မြေခံ KNLA ပူးပေါင်းတပ်တွေနဲ့ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စက်တင်ဘာ ၁ လတာအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၈၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုက ပိုများလာတဲ့ သဘောရှိတယ်။ စခန်းတွေရဲ့ အနီးတဝိုက် ပိုပြီးတော့ လှုပ်ရှားလာတယ်။ ဖာပွန်နဲ့ ကမမောင်းကြားက လမ်းမအနီးက တပ်စခန်းတွေ နောက်ထပ်ပြီး ဆုံးရှုံးမှုမရှိရအောင် တိုးပြီးလှုပ်ရှားလာတဲ့အပေါ်မှာ တိုက်ပွဲတွေက ပိုများလာတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၉ ယောက်သေဆုံးကာ ဗိုလ်ကြီး ၂ ယောက် အပါအဝင် ၄၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အဆောက်အအုံ ၁ လုံးကိုပါ ဖျက်ဆီးနိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်က ၅ ယောက်ကျဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီတပ်တွေက မြေပြင်လက်နက်ကြီး အလုံး ၂၀ ပစ်ခတ်ခဲ့ပြီး ဖာပွန်ခရိုင်အတွင်းက နေရာ ၆ ခုကို လေကြောင်းကနေ ဗုံးသီး ၂၃ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှု‌တွေအတွင်း ကျောင်းသားကျောင်းသူ ကလေးငယ် ၃ ယောက်၊ ကျောင်းကော်မတီဝင် ၁ ယောက်နဲ့ အဘွား ၁ ယောက် သေဆုံးခဲ့ပြီး ဆရာ ဆရာမနဲ့ ဒေသခံ ၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့တွေက ကမမောင်း-ဖာပွန် ကုန်းလမ်း ရေလမ်းကနေ ဖြတ်သန်းသွားလာခွင့်နဲ့ ရိက္ခာသယ်ယူခွင့်တွေကို တားဆီး ပိတ်ထားတာကြောင့် ဖာပွန်မြို့နယ်အတွင်း စားသောက်ကုန်တွေ ပြတ်လပ်နေပါတယ်။

ကုန်စည်သယ်ယူရာမှာ တောလမ်းကနေ သွားလာနေရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် ဆန် ၁ အိတ် ၁၄၀,၀၀၀ ကျပ်ကနေ ၂၅၀,၀၀၀ ကျပ်၊ ဆီ ၁ ပိဿာ ၆,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ ၅,၀၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ်ထိ ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင် ၁ သိန်းကျော်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013