DVB Logo
Home
မြန်မာသတင်း
အီးယူ-အာဆီယံ လူ့အခွင့်အရေးဆွေးနွေးပွဲ၌ စစ်ကောင်စီတက်ရောက်သည့်အ‌ပေါ်  HRW နှင့် အဖွဲ့အစည်းများ ဆန့်ကျင်ကန့်ကွက် 
DVB
·
October 4, 2023
အီးယူ-အာဆီယံ လူ့အခွင့်အရေးဆွေးနွေးပွဲ၌ စစ်ကောင်စီတက်ရောက်သည့်အ‌ပေါ်  HRW နှင့် အဖွဲ့အစည်းများ ဆန့်ကျင်ကန့်ကွက် 
Donate to DVB

အီးယူ-အာဆီယံ လူ့အခွင့်အရေးဆွေးနွေးပွဲမှာ မြန်မာစစ်အာဏာရှင်တွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း  နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ  စုပေါင်းသဘောထား ထုတ်ပြန်လိုက်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ အောက်တိုဘာ ၃ ရက်က ကျင်းပတဲ့ ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်မှာ လူ့အခွင့်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြတာမှာ မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဒီဆွေးနွေးပွဲမှာ ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေးဖက်ဒရေးရှင်း (FIDH)နဲ့ FORUM-Asia အပါအဝင် တခြားအရပ်ဘက်အဖွဲ့အစည်းအားလုံးသာမက ဆွေးနွေးပွဲကနေ ကန့်ကွက်ထွက်ခွာခဲ့ကြတဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)၊ Front Line Defenders (FLD) နဲ့ Protection International (PI)  အဖွဲ့တွေက ဒီဆွေးနွေးပွဲမှာ မြန်မာစစ်အာဏာရှင်တွေရဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့တဲ့အပေါ်  အလွန်စိတ်ပျက်ရသလို သူတို့ကို တရားဝင်အသိအမှတ်ပြုရာရောက်တဲ့ ဘယ်လုပ်ရပ်ကို မဆို အပြင်းထန်ဆုံး ကန့်ကွက်ဆန့်ကျင်တယ်လို့  ထုတ်ပြန်ချက်မှာ ပြောပါတယ်။  

မြန်မာစစ်အာဏာရှင် လက်အောက်ခံကိုယ်စားလှယ်တွေကို ဖိတ်ကြားထားတာ ပြန်လည်ရုပ်သိမ်းဖို့ အီးယူနဲ့ အာဆီယံကို နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်တွေဟာ အတိုက်အခံအရပ်သားတွေ၊ လူနည်းစု တိုင်းရင်းသားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေ၊ ကုန်သွယ်ရေး အဖွဲ့အစည်းတွေ၊ သတင်းထောက်တွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ နှိပ်ကွပ်ဖြိုခွင်းခဲ့ပါတယ်။

အာဏာသိမ်းမှုကြောင့် ဖြစ်လာခဲ့ရတဲ့ ပဋိပက္ခတွေ ပြေလည်စေရေးအတွက် အီးယူနဲ့ အာဆီယံတို့က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာလည်း စစ်အာဏာရှင်တွေက လက်မခံ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

အီးယူအနေနဲ့ မြန်မာစစ်အာဏာရှင်တွေကို အစိုးရအဖြစ် အသိအမှတ်မပြုဖို့ ဆုံးဖြတ်ခဲ့တာ၊ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေမှာ တာဝန်ရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ သူတို့နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုချမှတ်တာတွေ၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား ဖော်ဆောင်ရာမှာ ဦးဆောင်ဦးရွက်ပြုခဲ့တာတွေ၊ အစရှိတဲ့ လူ့ကျင့်ဝတ်ဥပဒေတွေနဲ့အညီ ချဉ်းကပ်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေကို ဖြေရှင်းဖို့ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။

အာဆီယံမှာ ဆိုရင်လည်း သူ့ရဲ့အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်အာဏာရှင် ထိပ်တန်းခေါင်းဆောင်တွေကို တက်ရောက်နိုင်ခြင်းမရှိအောင် တားမြစ်တာတွေ၊ လက်ရှိအာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာစစ်အာဏာရှင်တွေကို နောက်ထပ် အာဆီယံ အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုဖို့ အဆိုပြု တင်သွင်းတာတွေ ရှိခဲ့ပါတယ်။

အဲဒီလိုအခြေအနေတွေကြားထဲကနေ စစ်အာဏာရှင် လက်အောက်ခံကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်တာဟာ ပိုမိုဆိုးရွာနေတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တားမြစ်ဖို့ ကြိုးပမ်းနေတဲ့ ဥရောပသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ဆောင်ရွက်ချက်တွေကို ယုတ်လျော့အားနည်းစေသလို အနီးကပ်မှ အခုလို ဆုံးဖြတ်လိုက်တာဟာ ရှက်စရာကောင်းပြီး လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်လည်း ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဥရောပသမဂ္ဂနဲ့ အာဆီယံ နှစ်ဖွဲ့လုံးကို ဒီဖိတ်ကြားချက်အပေါ်မှာ ပြန်လည်သုံးသပ်ပြီး စစ်အာဏာရှင်လက်အောက်ခံ ကိုယ်စားလှယ်တွေကို ဆွေးနွေးပွဲကနေ ဖယ်ထုတ်ဖို့ တိုက်တွန်းပါတယ်။

ဒါမှသာ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ထားတဲ့ စစ်အာဏာရှင်ကိုယ်စားလှယ်တွေဟာ လူ့အခွင့်အရေးဆွေးနွေးပွဲမှာ တက်ရောက်နိုင်စရာ အကြောင်းမရှိဘူးဆိုတဲ့ သင်ခန်းစာကို မြန်မာစစ်အာဏာရှင်တွေ ရကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ စစ်အာဏာရှင်လက်အောက်ခံ ကိုယ်စားလှယ်တွေ မရှိမှသာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကောင်းဆုံးဘယ်လို တုံ့ပြန် အရေးယူနိုင်မလဲဆိုတာနဲ့ အာဆီယံရဲ့ ချဉ်းကပ်နည်းအပေါ် မြင်တွေ့ရတဲ့လို အပ်ချက်တွေကို တခြားနိုင်ငံတွေက ပိုပြီးတော့ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တချို့အတွက် စိုးရိမ်စရာဖြစ်တဲ့ လုံခြုံရေး ကိစ္စကိုလည်း ဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်း၊ အီးယူ-အာဆီယံ လူ့အခွင့်အရေးဆွေးနွေးပွဲဟာလည်း ပိုပြီးယုံကြည်စိတ်ချရတဲ့ အစည်းအဝေးဖြစ်လာကာ ပိုမိုခိုင်မာအားကောင်းလာမယ်လို့  အဲဒီထုတ်ပြန်ချက်မှာ  ထောက်ပြထားပါတယ်။

ကလေးတွေအပါအဝင် ပြည်သူတွေကို သတ်ဖြတ် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှု ကျူးလွန်နေတဲ့ တရားမဝင် အကြမ်းဖက်စစ်တပ်ရဲ့ ကိုယ်စားလှယ် ဒီဆွေးနွေးပွဲမှာ တက်ရောက်ခွင့်ရရှိနေခြင်းအပေါ် အလွန်ပင် အံ့ဩတုန်လှုပ်ရတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လည်းထုတ်ပြန်ထားပါတယ်။

ဥရောပသမဂ္ဂနဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့အနေနဲ့ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ရာမှာ မြန်မာပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်တွေနဲ့သာပြုလုပ်ဖို့လည်း NUG အစိုးရက တိုက်တွန်းထားပါတယ်။

Photo- FORUM-Asia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013