DVB Logo
Home
Lead Story
လက်ညှိုးထိုး ရောင်းစားကြတော့မည်
DVB
·
October 4, 2023
လက်ညှိုးထိုး ရောင်းစားကြတော့မည်
Donate to DVB

အာဏာသိမ်းအဖွဲ့သည် ၎င်းတို့ စိတ်ကူးဉာဏ်ကွန့်မြူး၍ ရသလောက် ဟိုဟာလုပ်ချင်သည်၊ ဒီဟာလုပ်ချင်၍ ဖြစ်မလား ဆိုကာ ရုရှားနှင့် တရုတ်တို့အား တကျီကျီနှင့် နားပူနားဆာ လုပ်လေ့ရှိသည်။

အာဏာသိမ်းပြီ ဆိုကတည်းက သူများ နှာခေါင်းပေါက်နှင့် အသက်ရှူရတော့မည် ဆိုသည်ကို သိနားလည်ထားကြပြီးလည်း ဖြစ်သည်။ ပါးစပ်ကသာ မိုးတလုံး လေတလုံး ပြောနေသော်လည်း ၎င်းတို့အုပ်ချုပ်ခဲ့သည့် သက်တမ်းအတွင်း အခြေခံအဆောက်အအုံပိုင်း ဘာတခုမျှ တိုးတက်မလာခဲ့။

သို့သော် ဒီတကြိမ်တွင်တော့ မင်းအောင်လှိုင်အဖွဲ့၏ ဒုဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီး မြထွန်းဦးသည် ချောင်ထိုးခံထားရာမှ ဖုတ်ဖက်ခါ ပြန်ထလာပြီး တရုတ်ပြည်အား မျက်နှာချိုသွေးနိုင်ရန် အဆိုပြုချက်ကို သွားရောက် တင်ပြခဲ့‌ချေပြီ။

စစ်ကောင်စီသည် ၎င်းတို့ ဆရာသမား ပူတင်သည် ရှီကျင့်ဖျင် အလိုမကျဖြစ်မည့် ကိစ္စမှန်သမျှကို လုပ်ရဲမည်မဟုတ်ဟု သိလာကြသည်နှင့်အမျှ တရုတ်အား ခွေခေါက်ထား၍ မဖြစ်ဟုလည်း သဘောပေါက်လာကြသည်။

မြထွန်းဦးသည် ‌ပေကျင်းတွင် ကျင်းပနေသည့် သယ်ယူပို့ဆောင်ရေးဖိုရမ်သို့ တက်ရောက်ပြီး အိန္ဒိယသမုဒ္ဒရာသို့ တရုတ်တို့ ထွက်ပေါက်ရစေရန် တရုတ်ပြည်တောင်ပိုင်းနှင့် မန္တလေး၊ ရခိုင်ပြည်နယ်များသို့ မီးရထားလမ်း ဖောက်လုပ်ရန် ကိုယ်တိုင်ကိုယ်ကျ စကားစပြောလာပြီ ဖြစ်သည်။

မြထွန်းဦးသည် လေသက်သက်မဟုတ်၊ ဒီတခါ အတည်ဆိုသည်ကို သိသာစေရန် တရုတ် ဒုဝန်ကြီးချုပ်၊ ပို့ဆောင်ရေးဝန်ကြီး၊ တရုတ် မီးရထားလုပ်ငန်း ဌာနချုပ်မှ အရာရှိကြီးများနှင့် ခေါင်းချင်းရိုက် ဆွေးနွေးခဲ့ပြန်သည်။

နောက်တကြောင်းက ယခုလအတွင်း တရုတ်တွင် ကျင်းပရန်ရှိနေသည့် BRI ဟု ခေါ်နေကြသည့် ရပ်ဝန်းနှင့် လမ်းစီမံချက်ဆိုင်ရာ ထိပ်သီးအစည်းအဝေး တတိယအကြိမ်မြောက် ဖိုရမ်သို့ မင်းအောင်လှိုင် တက်ရောက်ခွင့်ရရေးအတွက် မက်လုံးများ ပေးလာခြင်းလည်း ဖြစ်ဖွယ်ရှိနေသည်။ နိုင်ငံပေါင်း ၁၁၀ မှ ခေါင်းဆောင်များကို ဖိတ်ကြားခဲ့ပြီး ဖြစ်သော်လည်း မင်းအောင်လှိုင်ထံသို့ ဖိတ်စာရောက်မလာသေးဟု ဧရာဝတီသတင်းက ဆိုသည်။

မင်းအောင်လှိုင် ဖိတ်ကြားခံရရေး အသည်းအသန် လော်ဘီလုပ်နေရသည်ဟု သိရပြီး မြထွန်းဦးက နောက်ဆုံးကျည်ဆန်ကို ထုတ်သုံးလာခြင်း ဖြစ်ပုံရသည်။ 

တရုတ်တို့၏ ရထားလမ်း ဖောက်လုပ်ရေးသည် နိုင်ငံအတွက် အကျိုးများစရာအကြောင်း တစက်လေးမျှ မရှိသည့်အပြင် နိုင်ငံခြားငွေကိုပင် ပြည်ပရောက် မြန်မာအလုပ်သမားများ အိပ်ကပ်ထဲထိ လိုက်နှိုက်နေရရှာပြီဖြစ်သော ၎င်းတို့အပေါ် တရုတ်က အထက်စီးမှနေ၍ သ‌ဘောတူညီချက်များ ချုပ်ဆိုတော့မည် ဖြစ်သည်။

ပြည်သူ့ဒီမိုကရေစီအစိုးရ လက်ထက်တွင် တန်းတူရည်တူ တလေးတစား ဆက်ဆံခံခဲ့ရကြသည်။ နိုင့်ထက်စီးနင်း တဖက်သတ် ချုပ်ဆိုခဲ့သော သဘောတူညီချက်များကို ပြန်၍ အဖတ်ဆယ်နိုင်ခဲ့သည့် သာဓကများလည်း တွေ့ခဲ့ရပြီး ဖြစ်သည်။

ထိုရထားလမ်း ဖောက်လုပ်ပြီးပါက ဓာတ်ငွေ့ပိုက်လိုင်းနှင့်အတူ တရုတ်၏ အစောင့်အရှောက်ခံ နိုင်ငံအဖြစ် ရပ်တည်သွားတော့မည်ဟု စိတ်ဒုံးဒုံးချလိုက်ပုံရသည့် လက္ခဏာများပင် ဖြစ်သည်။

တရုတ်နယ်စပ် ရွှေလီမှ စတင်ဖောက်လုပ်မည့် အရှည်အားဖြင့် ၄၃၁ ကီလိုမီတာရှည်ပြီး ဒေါ်လာ ၉ ဘီလီယံ ကုန်ကျမည့် ရထားလမ်းကြီးလည်း ဖြစ်သည်။

တရုတ်သည်လည်း မြန်မာအား ၎င်းတို့ပိုင် ပြည်နယ်တခုအဖြစ် သဘောထား ဆက်ဆံသွားတော့မည် ဖြစ်သည်။ ဤသည်က သေနတ်တချက်မ‌ဖောက်ရဘဲ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ပေါက်ဖော်ကြီးထံ သွားရောက် ပေါင်နှံလိုက်ခြင်းပင် ဖြစ်သည်။

မင်းအောင်လှိုင် ခေါင်းထဲတွင် တရုတ်သည် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏာ များလာလေလေ ၎င်းတို့ ဖြုတ်ချမခံရရေးအတွက် မဖြစ်မနေ ကူညီပေးတော့မည်ဆိုသော အတွေးမျိုး ရှိလာခဲ့သည်။

သူ့ကိုသာ လုံးလုံးလျားလျား အားကိုးပြီး ရပ်တည်ရမည်ဆိုက အနားတွင် တယောက်မျှပင် ရှိတော့မည်မဟုတ်၊ ဘက်ပြောင်းလာကြတော့မည်သာ ဖြစ်သည်။ သို့သော် အားလုံးက တရုတ်-ရုရှားဘက်ကို မျှော်လို့ရသည့် ထွက်ပေါက်ရှိနေမှန်း သိနေ၍ သူ့နားတွင် ဘာပဲဖြစ်ဖြစ် ဆိုကာ ပေကပ်နေကြခြင်းသာ ဖြစ်သည်။

တရုတ်မှ ထိုသို့ ကိုယ်ထိလက်ရောက် ကူညီပါက အမေရိကန်ဘက်ကလည်း ပါလာတော့မည် ဖြစ်၍ တိုင်းပြည်အား တရုတ်-ရုရှား-အမေရိကန်တို့၏ စစ်တလင်း ဖြစ်သွားတော့မည့် အရေးကိုလည်း ၎င်းတို့ နည်းနည်းမျှပင် အမှုမထားပေ။

အိမ်နီးချင်းနိုင်ငံများ အချင်းချင်း ဆက်ဆံရေးတွင်လည်း ၎င်းတို့ ဘေးဖယ်ထုတ်ခံနေရသည်။ မြန်မာနှင့် အရှေ့နှင့် အနောက်တွင် ရှိနေသည့် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေး ပမာဏသည်ပင် ဒေါ်လာ ၁၈ ဘီလီယံ ရှိနေသည်။

တိုင်းပြည်နှင့် လူမျိုးအကျိုးကို နည်းနည်းလေးမျှ မစဉ်းစား၊ ငါ သမ္မတဖြစ်ခွင့်ရရေးသည်သာ အဓိက၊ ငါတို့ လက်နက်ကိုင်အဖွဲ့ အုပ်ချုပ်ခွင့် ရရေးသည်သာ ပဓာနဆိုသော အတွေးမျိုးဖြင့် အုပ်ချုပ်နေသည့် အဖွဲ့မျိုးနှင့် ပြည်သူတို့ ရင်ဆိုင်နေရပြီ ဖြစ်သည်။

ထိုအန္တရာယ်ကြီးကို နောင်ခါနောင်လာဈေးဟု သဘောမထားသင့်ဘဲ မိမိတို့တိုင်းပြည် ရှေ့ရေးကို အရေးတကြီး စဉ်းစားရပေတော့မည်။ ထိုအန္တရာယ်ဆိုးကြီးမှ လွတ်မြောက်နိုင်ရေးသည် အချိန်မလွန်ခင် တော်လှန်ရေးကြီး အမြန်အောင်မြင်နိုင်မှ ဖြစ်ပေမည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013