DVB Logo
Home
မြန်မာသတင်း
ရေစကြို၊ မြိုင်၊ ပခုက္ကူနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းများ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး
DVB
·
October 4, 2023
ရေစကြို၊ မြိုင်၊ ပခုက္ကူနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းများ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၃ ရက် မနက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၁ ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ S YSO PDF ကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ထန်းငယ်တောကျေးရွာဘက်က ထွက်လာတဲ့ အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၃ ရက် မနက် ၉ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက အနီးကပ် တိုက်ခိုက်ခဲ့ကြတာလို့ S YSO PDF ရဲ့တာဝန်ခံ ဗိုလ်အောင်မောင်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကြောင်းက သဲတောကျေးရွာဘက်ကို ထွက်လာတဲ့အချိန် မီတာ ၂၀ လောက် အကွာကနေ လက်နက်ငယ်တွေ၊ လက်ပစ်ဗုံးတွေ၊ ၄၀ မမတွေ၊ ၆၀ မမတွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂၁ ယောက်သေဆုံးကာ  ၁၀ ယောက်ထက် မနည်း ဒဏ်ရရှိခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေကိုတော့ ပခုက္ကူမြို့က နာရေးကား ၅ စီးနဲ့ လာသယ်သွားကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို S YSO PDF၊ BNRA၊ YRG၊ King Cobra၊ မြိုင်ပကဖတပ်ရင်း-၁၊ ဒေါင်းသွေးနီတပ်ဖွဲ့နဲ့ ရွှေညာမြေ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း အောက်တိုဘာ ၃ ရက် နေ့လယ်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အရာရှိ ၁ ယောက် အပါအဝင် ၄ ယောက်သေဆုံး၊ ၈ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာတရွာကို မီးရှို့ခဲ့ကြတယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

ပခုက္ကူတပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၇၃ စီးဟာ ပေါက်မြို့နယ် ယာကြီးပြင်ကနေတဆင့် အုန်းတောတံတားဘက်ကို ထွက်လာတဲ့အချိန် အောက်တိုဘာ ၃ ရက် မနက် ၁၁ နာရီ၊ မိနစ် ၄၀ လောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အမှတ် ၁ အုန်းတောတံတားနားမှာ မိုင်းမျိုးစုံနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ရှေ့ထွက်မိုင်း၊ တိုက်မိုင်း၊ ကြွမိုင်း၊ နင်းမိုင်တွေမိပြီး စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ အုန်းတော (တောင်ရွာကို) ညနေ ၄ နာရီ ၁၀ မိနစ်မှာ မီးရှို့ဖျက်ဆီးနေလို့ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖနဲ့ ပေါက်မြို့နယ် ဗိုလ်တစ္ဆေ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဂိတ်စခန်းတခုကို အောက်တိုဘာ ၂ ရက် ညနေ ၃ နာရီ ၄၅ မိနစ်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ S YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဂိတ်စခန်း ဘန်ကာကနေ ထွက်လာတဲ့ ဘောင်းဘီရှည်၊ အင်္ကျီချိုင်းပြတ်အဖြူဝတ်ထားပြီး အူဇီသေနတ် ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သားတယောက်ကို စနိုက်ဘာနဲ့ နှစ်ချက် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဲဒီနောက် ဘန်ကာထဲကနေ ထပ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတယောက်ကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို S YSO PDF၊ YRG၊ King Cobra၊ ​​ဒေါင်းညီနောင်တပ်ဖွဲ့နဲ့ ဒေါင်းစစ်သည်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အောက်တိုဘာ ၃ ရက် မနက်က စစ်ကောင်စီရဲ့ ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲအုပ်တယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့-MBT ကနေ သိရပါတယ်။

မြင်းခြံဘက်ကနေ နွားထိုးကြီးဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကားနှစ်စီးကို အောက်တိုဘာ ၃ ရက် မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နွားထိုးကြီးမြို့နယ် ကံရွာနဲ့ ကံနှောင်းရွာကြားမှာ ၆ လုံးတွဲ ပဒေသာမိုင်းတလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ဒုရဲအုပ်တယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့နဲ့ မန္တလေးခရိုင်တပ်ရင်း-၃ MDY-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013