DVB Logo
Home
မြန်မာသတင်း
တနင်္သာရီနှင့်ပေါင်တွင် အဖမ်းခံထားရသည့် ပရဟိတအဖွဲ့ဝင်အပါအဝင် ၉ ဦး အဆက်အသွယ်မရ
DVB
·
October 4, 2023
တနင်္သာရီနှင့်ပေါင်တွင် အဖမ်းခံထားရသည့် ပရဟိတအဖွဲ့ဝင်အပါအဝင် ၉ ဦး အဆက်အသွယ်မရ
1 / 4
Donate to DVB

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ လူနာပို့ဆောင်ပြီး ပြန်လာတဲ့ ချမ်းမြေ့ပါရမီ ကျန်းမာ‌ရေးအထောက်အကူပြုအဖွဲ့ရဲ့ လူနာတင်ယာဉ်နဲ့ ယာဉ်မောင်း အသင်းဝင်တဦးကို စစ်ကောင်စီဂိတ်ကနေ ဖမ်းဆီးလိုက်ကြောင်း ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရသူမှာ ကိုအောင်ကျော်နိုင်ဖြစ်ပြီး‌ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်က သာရဘွင်ကျေးရွာက လူနာတဦးကို ဇဝဲဂိတ်က‌နေ ဖြတ်ပြီးတော့ မြိတ်ဘက်ကို သွားရောက်ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။

လူနာပို့‌ဆောင်ခဲ့ပြီး နောက်တနေ့ စက်တင်ဘာ ၃ဝ ရက် မနက်က ပြန်လာရာ ဇဝဲစစ်ဆေး‌ရေးဂိတ်ကနေ ဖြတ်သွားခွင့်မပေးဘဲ ယာဉ်မောင်းသမား အပါအဝင် လူနာတင်ယာဉ်ကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက “အခုက လမ်းတွေလည်း ပိတ်ထားတယ်လေ။ ပိတ်ထားတော့ သူက ရအောင်သွားတယ်။ အဲဒီနောက် ဘယ်လိုဖြစ်လို့ဖြစ်သွားမှန်း မသိလိုက်ဘူး။ သူ မြိတ်ကို လူနာလာပို့တုန်းက အေးဆေးပဲ။ ဟိုဘက်ဂိတ်ကလည်း ဖွင့်ပြီး သွားခိုင်းလိုက်တာပဲ။ ပြန်အသွားမှာ သူက ဘာကိစ္စနဲ့ သွားချိတ်မိလဲ မသိဘူး။ ဒီအချိန်မှာ ဘယ်လိုဖြစ်တယ်ဆိုတာ သူပဲသိမယ်” လို့ ပြောပါတယ်။

ကိုအောင်ကျော်နိုင်ကို စစ်ကောင်စီ ဇဝဲဂိတ်ကနေ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အကြောင်းရင်းကို မသိရသေးဘဲ လက်ရှိအချိန်ထိ ပြန်လွှတ်မပေးသေးတဲ့အပြင် ဆက်သွယ်မေးမြန်းဖို့လည်း ခက်ခဲနေတယ်လို့ သိရပါတယ်။

ဒေသခံ ပြည်သူတဦးက “သွားတုန်းက လူနာပါလာတော့ ဂိတ်ကလည်း ခွင့်ပြုပေးလိုက်တယ်။ လူနာကို ဆေးရုံပို့လိုက်ပြီး ပြန်အလာမှာဆိုတော့ ဒီကိစ္စကို သူပဲသိမယ်။ ပြီးတော့ အခုက သူနဲ့လည်း ဆက်သွယ်မရ။ သူ့လည်း ဆက်သွယ်မရဲဘူး။”

သာရဘွင်ကျေးရွာဟာ တကူအုပ်စုထဲမှာရှိပြီး မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်ဘက်ကို သွားပါက စစ်ကောင်စီရဲ့ ဇဝဲစစ်‌ဆေးရေးဂိတ်ကို မဖြစ်မနေ ဖြတ်သွားရမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာက ပရဟိတအသင်းဝင် တဦးကို စစ်ကောင်စီတပ်တွေက သူ့နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး ၅၅၇ တပ်ရင်းကို ခေါ်‌ဆောင်သွားကာ ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာက စစ်မှုထမ်းဟောင်းတဦး သေဆုံးမှုမှာ သံသယနဲ့ ဖမ်းဆီးခံထားရသူ ၈ ဦးလည်း ဒီကနေ့အထိ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်က သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၈ ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံရတာ ၁၅ ရက်ကျော် ကြာမြင့်ခဲ့ပြီးဖြစ်ပေမဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာကြောင့် စိုးရိမ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၃ ရက် မနက် ၈ နာရီလောက်က ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဦးကျားကြီးကို အမည်မသိ လက်နက်ကိုင်လူနှစ်ဦးက နေအိမ်အရှေ့မှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

မျက်မြင်တွေရှိသူတဦးက “ဖြစ်တဲ့ညနေမှာ သက်ဆိုင်ရာက စစ်ဆေးမေးမြန်းစရာ ရှိလို့ဆိုပြီး ခေါ်သွားတယ်။ အားလုံး ၈ ယောက်ပါ။ လမ်းကနေ ဖမ်းခေါ်သွားတာတွေရော တောင်ပေါ်ခြံထဲတွေကရော ဖမ်းသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့စစ်ဟောင်း သတ်ဖြတ်ခံရမှုအတွင်း ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရင်းငြိမ်နယ်မြေရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ရာက နောက်တနေ့မှာ သထုံမြို့နယ်အတွင်းက စစ်ကြောရေးစခန်းတခုကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပေါင်မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း စစ်တပ်ရဲ့ လက်ချက်နဲ့ ကျဆုံးသူ ၇၂ ဦးအထိ ရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိကာ ပြီးခဲ့တဲ့ရက်အတွင်း လူပေါင်း ၂၀၀ ကျော် ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013