DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီထုတ်ပြန်သည့် မြန်မာ့လူဦးရေစာရင်းကို စောင့်ကြည့်သူများ သံသယရှိ
DVB
·
October 3, 2023
စစ်ကောင်စီထုတ်ပြန်သည့် မြန်မာ့လူဦးရေစာရင်းကို စောင့်ကြည့်သူများ သံသယရှိ
Donate to DVB

မြန်မာနိုင်ငံရဲ့ လက်ရှိ ခန့်မှန်းလူဦးရေဟာ ၅၆ ဒသမ ၂ သန်းရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အောက်တိုဘာ ၁  ရက်မှာ ခန့်မှန်း ထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံကာ ခန့်မှန်းတွက်ချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတဝန်း သန်းခေါင်စာရင်း ကောက်ယူခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်က ထုတ်ပြန်ခဲ့တဲ့ လူဦးရေ ၅၄ ဒသမ ၅၈ သန်းစာရင်းကို လိုတိုးပိုလျှော့ လုပ်ထားတာဖြစ်တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စက်တင်ဘာ ၂၉ မှာ မင်းအောင်လှိုင်က ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ဖို့ ပြောတယ်။ အဲ့အချိန်မှာပဲ လူဦးရေစာရင်း ထွက်လာတယ်။ လူဦးရေစာရင်းထွက်လာရင် မကြာခင် ရွေးကောက်ပွဲလုပ်ပေးတော့မယ့်ပုံစံနဲ့ ပါတီတွေကို ဂျင်းထည့်တာ။ အမှန်က စာရင်းက မကောက်ရသေးလို့ အန်အယ်လ်ဒီအစိုးရလက်ထက်က ကောက်ခဲ့တဲ့စာရင်းကို လိုတိုးပိုလျှော့ လုပ်လိုက်တာ” လို့ ပြောပါတယ်။

အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်နယ်နဲ့ တိုင်းတချို့ရှိ မြို့နယ် ၂၀ ကို ရွေးချယ်ကာ ကနဦး စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမှာဖြစ်ပြီး လတ်တလော ထုတ်ပြန်တဲ့ စာရင်းကတော့ စစ်ကောင်စီနဲ့ လဝက ညှိနှိုင်းထုတ်ပြန်ခဲ့တာလို့ လဝကဦးစီးမှူးဟောင်းတဦးက ပြောပါတယ်။

“တကယ်ကောက်မယ်ဆို ဘယ်လွယ်မလဲ ဘုန်းကြီးကျောင်း၊ ဘိုးဘွားရိပ်သာ၊ ဂေဟာ၊ ဆေးရုံ၊ အကျဉ်းထောင်၊ စစ်တပ်၊ ကျူးကျော်အိမ်ရာ အများကြီး၊ တဦးကို ဆယ့်ငါးမိနစ်လောက် အချိန်ပေးရတယ်။ အာဏာမသိမ်းခင်က ကောက်တာတောင် တရက်ကို လမ်းတလမ်း မပြီးဘူး” လို့ ဝေဖန်ထောက်ပြပါတယ်။

လူဦးရေစာရင်း မှန်ကန်မှုမရှိပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ကြန့်ကြာနိုင်ပြီး မြေပြင်အနေအထားအရ နိုင်ငံရေးပါတီတချို့ရဲ့ ပါတီဝင်စာရင်းတွေမှာလည်း မှားယွင်းမှုတွေ ရှိနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အဲ့ဒီ လူဦးရေစာရင်းမပြောနဲ့၊ ပြီးခဲ့တဲ့လ ၁၉ ရက်က ကြံ့ခိုင်ရေးပါတီ၊ တစညပါတီနဲ့ တခြားပါတီနှစ်ခုကို စစ်တာ ပါတီဝင်တွေက မြေပြင်မှာ တကယ်မရှိဘူး၊ စာရင်းမှာပဲရှိတယ်။ အဲ့လူတွေက လဝကကကောက်တဲ့ လူဦးစာရင်းမှာလည်း ရှိတယ်။ ပြောချင်တာ စာရင်းအမှန်တကယ်လိုချင်ရင် မြေပြင်ဆင်းကောက်စေချင်တယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ တနင်္သာရီ၊ မကွေးနဲ့ စစ်ကိုင်းတို့မှာ စစ်ကောင်စီတပ်တွေကို ခုခံတွန်းလှန်စစ် ဆင်နွှဲနေတဲ့အတွက် သန်းခေါင်စာရင်းကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။

“စစ်ကိုင်းတို့ မကွေးတို့မှာ ဘယ်တုန်းက လူဦးရေစာရင်း ကောက်သွားတာလဲ။ ဒီမှာရှိနေတဲ့ ဝန်ထမ်းတွေတောင် အပြင်မထွက်ရဲဘူး။ သေမှာကြောက်လို့ ပုန်းပြီးနေရတာ။ အခုဟာက လဝကရုံးက အရင်စာရင်းကို ပြင်ပြီး ဝန်ကြီးရုံးကိုပို့တဲ့ပုံစံမျိုး ဖြစ်နေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီ ၁ ရက်နေ့ လူဦးရေစာရင်းနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်က ထုတ်ပြန်တဲ့ လူဦးရေစာရင်းကို တိုက်ဆိုင်စစ်ဆေးကြည့်ပါက လိမ်လည်ဖြည့်သွင်းထားတာကို တွေ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံးကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာ ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ တနိုင်ငံလုံအတိုင်းအတာနဲ့ ပြန်လည်ကောက်ယူခဲ့ရာ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်ညအထိ မြန်မာနိုင်ငံရဲ့ လူဦးရေမှာ ၅၁,၄၈၆,၂၅၃ ဦး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013