DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး GDP တိုးတက်နှုန်း လာမည့်နှစ်တွင်  ၂ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း 
DVB
·
October 3, 2023
မြန်မာ့စီးပွားရေး GDP တိုးတက်နှုန်း လာမည့်နှစ်တွင်  ၂ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း 
1 / 2
Donate to DVB

လာမယ့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်နှုန်းဟာ  ၂ ဒသမ ၀ ပဲ ရှိမယ်လို့  ခန့်မှန်းထားပါတယ်။ 

မြန်မာအပါအဝင် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁ ရက်က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ GDP တိုးတက်နှုန်းဟာ အခု ၂၀၂၃ ခုနှစ် အောက်တိုဘာမှာလည်း ပြီးခဲ့တဲ့ ဧပြီလတုန်းက ခန့်မှန်းချက်ဖြစ်တဲ့ ၃ ရာခိုင်နှုန်း အတိုင်းပဲ တိုးတက်မှုနှုန်းပြဇယားရဲ့ အောက်ဆုံးနိုင်ငံတွေ စာရင်းမှာ ဆက်လက်ရှိနေပြီး ရှေ့လာမယ့်နှစ်မှာတော့ အခြေအနေပိုဆိုးလာကာ   ၂ ရာခိုင်နှုန်းကို ကျဆင်းသွားမယ်လို့  ခန့်မှန်းထားပါတယ်။  

၂၀၂၃ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က တိုးတက်မှုနှုန်းနဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်းလောက် လျော့နည်းနေဆဲဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ မြန်မာ့ GDP တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၆၃ ဘီလီယံ ရှိပြီး ကမ္ဘာ့စီးပွားရေးတစ်ခုလုံးရဲ့ ၀ ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်မှာ မြန်မာ့ GDP တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၇၇ ဘီလီယံအထိ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။  

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအတွက် GDP တိုးတက်မှုနှုန်း ခန့်မှန်းချက်ကိုတော့  ၂၀၂၃ ခုနှစ်အတွက် ပြီးခဲ့တဲ့ ဧပြီလခန့်မှန်းချက်ဖြစ်တဲ့ ၃ ဒသမ ၆ ရာခိုင်နှုန်းကနေ ၃ ဒသမ ၄ ရာခိုင်နှုန်းကို ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ 

ထိုင်းနိုင်ငံအတွက် ၂၀၂၄ ခုနှစ် ခန့်မှန်းချက်ကိုလည်း   ၃ ဒသမ ၇ ကနေ ၃ ဒသမ ၅ ကိုပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ဒေသတွင်းမှာ နောက်ကျကျန်နေဆဲဖြစ်ပြီး ပြည်ပပို့ကုန်လျော့ကျလာခြင်းဟာ အင်အားကြီးလာတဲ့ စိန်ခေါ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

အရှေ့အာရှဒေသအတွင်းက တရုတ်နိုင်ငံအတွက် သီးခြား GDP တိုးတက်မှုနှုန်းခန့်မှန်းချက်ဟာ ၂၀၂၃ ခုနှစ်အတွက် မပြောင်းလဲပေမဲ့  ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းချက်မှာတော့ ၄ ဒသမ ၈ ရာခိုင်နှုန်းကနေ ၄ ဒသမ ၄ ရာခိုင်နှုန်းကို လျှော့ချသတ်မှတ်ခဲ့ပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတစ်ခုလုံးအတွက် ၂၀၂၃ ခုနှစ်အတွက် GDP တိုးတက်မှုနှုန်း ခန့်မှန်းချက်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ၅ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပေမဲ့ အခု အစီရင်ခံစာအသစ်မှာတော့ ၅ ဒသမ ၁  ရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ဒေသတစ်ခုလုံးအတွက် ၂၀၂၄ ခုနှစ် GDP တိုးတက်မှုနှုန်းခန့်မှန်းချက်ကိုတော့ ၄ ဒသမ ၈ ရာခိုင်နှုန်းကနေ ၄ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် လျှော့ချ ခန့်မှန်းခဲ့ပါတယ်။

ဒေသတွင်း အထူးသဖြင့် တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ အစိုးရကြွေးမြီနဲ့ ကုန်သွယ်ရေးကြွေးမြီ အလွန်အမင်းတိုးတက်လာတာကိုလည်း ကမ္ဘာ့ဘဏ်က ထင်ထင်ရှားရှား ထောက်ပြခဲ့ပါတယ်။

အစိုးရကြွေးမြီပမာဏ မြင့်မားနေခြင်းကြောင့် အစိုးရရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာရော ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာပါ အကျပ်အတည်းတွေ ဖြစ်လာစေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြသတိပေးခဲ့ပါတယ်။

အစိုးရကြွေးမြီပမာဏမြင့်မားနေခြင်းကြောင့် နိုင်ငံတွင်း ပုဂ္ဂလိကလုပ်ငန်းတွေအတွက် ငွေချေးရာမှာ အတိုးနှုန်းများပြားလာစေနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အစိုးရကြွေးမြီဟာ GDP တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းခန့်အထိ ပမာဏများပြားလာခဲ့ပေမဲ့ ဒါဟာ ကိုင်တွယ်ဖြေရှင်းလို့ရနိုင်သေးတဲ့ အခြေအနေဖြစ်ပြီး အန္တရာယ်ရှိတဲ့ပမာဏတော့ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိကကြွေးမြီတန်ဖိုးဟာ GDP တန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်းအထိ များပြားလာတာကတော့ အစိုးရကြွေးမြီကဏ္ဍထက်ပိုပြီး စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ထိုင်းနိုင်ငံအတွက် ၂၀၂၄ ခုနှစ် GDP တိုးတက်မှုနှုန်းခန့်မှန်းချက်ဟာ ဒေသတွင်းက တခြားနိုင်ငံတွေထက်များနေသေးပေမဲ့  ရာသီဥတုအခြေအနေနဲ့ ပထဝီဝင်နိုင်ငံရေး အခြေအနေတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့  လေ့လာသူတွေက ပြောပါတယ်။

Source/Photo: World Bank

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013