DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီပေးသည့် ထောက်ပံ့ကြေးကြောင့် ကုန်ဈေးနှုန်း ထပ်တက်မှာ ဝန်ထမ်းများ စိုးရိမ်
DVB
·
October 2, 2023
စစ်ကောင်စီပေးသည့် ထောက်ပံ့ကြေးကြောင့် ကုန်ဈေးနှုန်း ထပ်တက်မှာ ဝန်ထမ်းများ စိုးရိမ်
Donate to DVB

Non CDM ဝန်ထမ်းတွေအတွက် စစ်ကောင်စီကပေးတဲ့ ထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ဟာ  ကုန်ဈေးနှုန်းတွေကို မကာမိသလို ထပ်မံပြီး ကုန်ဈေးနှုန်းတွေ တက်လာမှာကိုလည်း စိုးရိမ်နေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

အခုပေးတာက ရှားပါးစရိတ်ဖြစ်ပြီး အချိန်မရွေးပြန်ဖြုတ်နိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိပါတယ်။

စစ်ကောင်စီ ထောက်ပံ့ပေးတဲ့ ကျပ်ငွေ ၃၀၀၀၀ က လက်ရှိမြင့်တက်နေတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေနဲ့ ယှဉ်ရင်မပြောပလောက်တဲ့ ငွေကြေးသာ ဖြစ်တယ်လို့ ဝန်ထမ်းတွေက ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ အခြေခံလစာ နည်းတဲ့ ဝန်ထမ်းတွေအတွက်ကတော့ အခုလို တိုးပေးတာက အထိုက်အလျောက် အဆင်ပြေနိုင်မယ်လို့ ရန်ကုန်က ဝန်ထမ်းတစ်ယောက်ကလည်း ပြောပါတယ်။

“ကျမက အလုပ်မလုပ်ချင်တော့တဲ့သူပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးက တဖက်နဲ့ ဒီအလုပ်အချိန်နဲ့က ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အဲတာဆိုတော့ အခု တိုးပေးတဲ့ လစာအတွက်ကတော့ ဘယ်လိုမှမနေပါဘူး။ ဒါပေမဲ့ ဒီ သုံးသောင်းတိုးတာက မတိုးတာထက်စာရင်တော့ တိုးတာက တခြားလိုအပ်တဲ့ သူတွေအတွက်တော့ အဆင်ပြေမှာပါ။”

ဝန်ထမ်းအများစုက နေစရာ အဆောင်လိုင်းခန်းပေးတာနဲ့ ပုံမှန်ပိတ်ရက်တွေ ရနေလို့သာ ဆက်လက်လုပ်ကိုင်နေတာဖြစ်ပြီး အခု ထောက်ပံ့ကြေး ၃၀၀၀၀ ကတော့ မက်မောစရာမရှိဘူးလို့ ပြောပါတယ်။

အရာရှိ အရာခံဗိုလ်တွေနဲ့ လာဘ်ပေးလာဘ်ယူ လုပ်လို့ရတဲ့ အစိုးရဌာနတွေကပဲ လစာနဲ့ အဆင်ပြေမှာ ဖြစ်တယ်လို့လည်း ကိုယ့်ဇာတိမှာအလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်လည်း ပြောပါတယ်။

ထောက်ပံ့ကြေးရပေမဲ့ နောက်ဆက်တွဲအနေနဲ့ ကုန်ဈေးနှုန်းတွေ လိုက်တက်မှာ စိုးရိမ်နေရတယ်လို့ ပညာရေးဝန်ထမ်း တစ်ယောက်ကပြောပါတယ်။

“အခုလို သုံးသောင်းအပိုပေးတာကတော့ လစာတော့ မဟုတ်ဘူးပေါ့နော်။ ဒီတိုင်းပဲ ရှားပါးစရိတ်ပေါ့။ ဟိုးအရင်ကလည်း အဲဒီလို ပေးဖူးတယ်။ ရှားပါးစရိတ်ဘာညာဆိုပြီး ပေးတာ။ အဲလိုဟာမျိုးက သူတို့ပေးချင်တဲ့အခါ ပေးမယ်၊ မပေးချင်ရင်  ပြန်နုတ်လို့ရတယ်။ အခုလို တိုးပေးတာ ပျော်လားဆိုတော့ မပျော်ပါဘူး။ ဘာဖြစ်လို့ မပျော်လဲဆိုတော့ သူတို့ တိုးပေးတဲ့ပမာဏနဲ့ နောက်က လိုက်တက်မယ့် ကုန်ဈေးနှုန်းနဲ့ကို ပြည်သူတွေရော အစိုးရ ဝန်ထမ်းတွေရော စိုးရိမ်နေရတယ်။”

အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ နိုင်ငံဝန်ထမ်း စစ်တပ်နဲ့ ရဲမပါဘဲ ၉ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ စစ်ဘက် ရဲဘက်တွေ အားလုံးကို ကျပ် ၃၀၀၀၀ ထောက်ပံ့နိုင်ဖို့ဆိုရင် လစဉ် စစ်ကောင်စီက ဘီလီယံ ၃၀ ဝန်းကျင် အသုံးပြုရလိမ့်မယ်လို့ ခန့်မှန်းပြောဆိုတာတွေ ရှိနေပါတယ်။

ဝန်ထမ်းတဦးက “အခု ထောက်ပံ့ပေးတာကို ရှားပါးစရိတ်လို့ ခေါ်တယ်။ ဝန်ထမ်းတွေအတွက် သက်သာချောင်ချိအောင်ပေးတာ လစာ မဟုတ်ဘူး။ တရားဝင်လစာ စကေးအနေနဲ့ ထွက်လာရင် ရှားပါးစရိတ်ဆိုတာ ပျောက်ပြီး လစာတရားဝင် ဖြစ်သွား နိုင်တယ်ပေါ့နော်။ အရင်တုန်းကလည်း အခုလိုမျိုး ပေးခဲ့ဖူးတာရှိတယ်။ အရင်ဆုံး ရသုံးမှန်းခြေနဲ့ တွက်ချက်ပြီးမှ ပေးနိုင်မှာ ရသုံးမှန်းခြေရဲ့ အရှုံးအမြတ်ပေါ်မူတည်ပြီးမှ ရှားပါးစရိတ်ကို ဖြုတ်သင့်ရင် ပြန်ဖြုတ်လို့ရတယ်၊ လောက်ရင် တရားဝင်လစာအနေနဲ့ သတ်မှတ်ပြီး ပေးလို့ရတယ်။ အားလုံး အဆင်ပြေနေတယ်ဆိုတာ သူ့တို့ကိုယ် သူတို့လှည့်စားပြီးပြောနေတာ။ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ရင်တော့ မပြောတတ်ဘူး”လို့ ပြောပါတယ်။ 

စစ်ကောင်စီက စစ်ဘက်၊ ရဲဘက်နဲ့ အရပ်ဘက်က ဝန်ထမ်းတွေအားလုံးရဲ့ စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေဖို့ လက်ရှိလစာအပြင်  အပိုထောက်ပံ့ကြေးအဖြစ်  တစ်ဦးကို တစ်လ ကျပ် ၃၀၀၀၀ ကို အောက်တိုဘာလက စပြီး လစဉ် ခံစားခွင့်ပြုသွားမည်ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဌာနတွေနဲ့ အဖွဲအစည်းတွေမှာ လုပ်ကိုင်နေတဲ့  နေ့စား အလုပ်သမားတွေရဲ့ တစ်နေ့ ၈ နာရီအတွက် သတ်မှတ်ထားတဲ့ လုပ်ခ ၄၈၀၀ အပြင် အပိုထောက်ပံ့ကြေး တရက် ၁၀၀၀ ကျပ်ကို ထပ်မံခံစားခွင့်ပြုသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာက ၃၀ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013