DVB Logo
Home
မြန်မာသတင်း
အိန္ဒိယရောက် မြန်မာစစ်ရှောင်များ ရှင်သန်ရပ်တည်ရေး ခက်ခဲလာ 
DVB
·
October 2, 2023
အိန္ဒိယရောက် မြန်မာစစ်ရှောင်များ ရှင်သန်ရပ်တည်ရေး ခက်ခဲလာ 
Donate to DVB

အိန္ဒိယရောက် မြန်မာစစ်ရှောင်အများစုဟာ ဘာသာစကား အခက်အခဲ၊ တရားမဝင် နေထိုင်နေရတာနဲ့  အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဆက်လက်ရှင်သန် ရပ်တည်ရေးခက်ခဲနေပြီး တချို့ဆိုရင် မြန်မာပြည်ပြန်ရမယ့် အခြေအနေ ဖြစ်နေကြတယ်လို့ စစ်ရှောင်အရေး အကူအညီပေးတဲ့သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်းမှာ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်လာသူ ၆၀,၀၀၀ ဝန်းကျင်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာစစ်ရှောင်တွေဟာ အိန္ဒိယနိုင်ငံထဲက မီဇိုရမ်ပြည်နယ်မှာ အဓိကနေထိုင်ကြပြီး မဏိပူပြည်နယ်နဲ့ ဒေလီမြို့အထိ ရောက်ရှိနေသူတွေလည်း ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းကာစ  ၂၀၂၁ ခုနှစ်ထဲမှာ မီဇီုရမ်ပြည်နယ်အစိုးရရဲ့ ကူညီမှုနဲ့ လူမှုအဖွဲ့အစည်းတွေက ရိက္ခာထောက်ပံ့ပေးတာတွေကြောင့် အဆင်ပြေခဲ့ပေမယ့် ၂ နှစ်ကျော် ကြာလာတဲ့အခါမှာတော့ တကိုယ်စာ ရပ်တည်ရေးပါ ခက်ခဲလာနေပြီလို့ ချင်းလူမျိုး CDM ဝန်ထမ်းအများစု ခိုလှုံနေတဲ့ ကျပီးဒုက္ခသည်စခန်း တာဝန်ရှိသူက ပြောပြပါတယ်။

“ကျနော်တို့ ဒီအတိုင်းပဲ အလုပ်လုပ်ဖို့၊ အလုပ်လည်း ရှားပါးလာမယ်။ ကိုယ့်ဘာသာကိုယ် ရှိလည်း မရှိတော့ဘူး ဆိုရင်တော့ စားစရာမရှိတော့တဲ့နောက်ပိုင်းမှာတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဒေသကိုပဲ ပြန်ရမယ်။ ကျနော်ကတော့ ပြောင်းပါမယ်။ ဘာလို့ဆိုတော့ ဒီမှာက သူများနိုင်ငံဆိုတော့ တောင်ယာတွေ ဘာတွေလည်း လုပ်ဖို့က သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့နော်။ အဲဒီတော့ ကျနော်တို့ ပြန်ပြီးတော့ ကိုယ့်ရဲ့ အသက်ရှင်ဖို့ပေါ့။ နည်းလမ်းက အဲဒီနည်းလမ်းတစ်ခုပဲ ရှိတော့တယ်။”

မီဇိုရမ်ပြည်နယ်မှာရှိတဲ့ ကျပီးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၁၀၀ ကျော်နဲ့ လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်ပြီး အများစုက CDM ဝန်ထမ်းတွေဖြစ်ကြကာ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးမှုကနေ တိမ်းရှောင်လာကြတာပါ။

ဒုက္ခသည်တွေဟာ လက်ရှိအချိန်မှာ လမ်းဖောက်လုပ်ရေး၊ တောင်ယာ၊ အိမ်ဆောက်လုပ်တာ အစရှိတဲ့ရရာ ကျပန်းအလုပ်ကို လုပ်ကိုင်နေကြပေမဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ စစ်ရှောင်လာသူတွေ ပိုများလာတာကြောင့် အလုပ်အကိုင် ရှားပါးနေပါတယ်။

ဒီဗွီဘီက မေးမြန်းချက်တွေအရ မီဇိုရမ်ရောက် ဒုက္ခသည်တွေဟာ တခြား မဏိပူနဲ့ ဒေလီရောက် ဒုက္ခသည်တွေထက် ကူညီထောက်ပံ့မှုတွေကို အများဆုံးရခဲ့ကြတယ်လို့ သိရပါတယ်။

အရင်က ပရဟိတအဖွဲ့တွေရဲ့ လှူဒါန်းမှုတွေနဲ့ အဆင်ပြေခဲ့တဲ့ မီဇိုရမ်က ကျပီးဒုက္ခသည်စခန်းမှာတောင် ၂၀၂၃ ခုနှစ်ကစလို့ ပြင်ပအလှူရှင်တွေ လာရောက်ထောက်ပံ့မှုတွေကို (လုံးဝ) မရရှိတော့ဘူးလို့ ဆိုပါတယ်။

အလားတူ မဏိပူပြည်နယ်မှာဆိုရင်လည်း သူတို့ပြည်နယ်အတွင်း လူမျိုးရေးပဋိပခတွေမှာ မြန်မာစစ်ရှောင်တွေကို နိုင်ငံရေးထွက်ပေါက်အနေနဲ့ ဖိအားပေး၊ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ India for Myanmar တာဝန်ရှိသူ ဆလိုင်းဒိုခါရ် ကလည်း သုံးသပ်ပါတယ်။

ဒေလီက ဒုက္ခသည်တွေဆိုရင်လည်း အလုပ်အကိုင်ရှားပါးမှုအပြင် UN က ထုတ်ပေးတဲ့ ဒုက္ခသည် အသိအမှတ်ပြုကတ် မရရှိသူတွေ အများအပြားရှိနေတာကြောင့် တရားဝင် နေထိုင် သွားလာရေးပါ ခက်ခဲနေပြီး ရေရှည်မှာ စိုးရိမ်စရာအခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဆလိုင်းဒိုခါရ်က “စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေများစွာရှိလာပြီးတော့ စစ်ဘေးရှောင်တွေ သတ်သေမှုတွေ အပါအဝင် တချို့ဆိုရင် လူကုန်ကူးမှုခံရတဲ့ ကိစ္စမျိုးတွေလည်း ဖြစ်ပွားနေတဲ့ အနေအထား ဖြစ်တယ်။ ဒီတိုင်းသာ ကြာရှည်နေမယ် ဆိုရင်တော့ စစ်ရှောင်တွေ တော်တော်များများက လူကုန်ကူးခံရမှုအခြေအနေ ရောက်ရှိနိုင်ခြေ ရှိတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မတည်ငြိမ်တဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် အထူးသဖြင့် အိန္ဒိယနဲ့ တရုတ်နယ်စပ်တွေမှာ မူးယစ်ကုန်ကူးမှုတွေလည်း များပြားလာပြီး ဒီဖြစ်စဉ်တွေကြောင့် မြန်မာစစ်ရှောင်တွေ စွပ်စွဲခံနေရကာ ဖမ်းဆီးခံရမှုတွေ၊ စည်းကမ်းတင်းကျပ်တာတွေအပြင် မြန်မာပြည် ပြန်ပို့တာတွေကိုလည်း ကြုံနေရပြန်ပါတယ်။

မဏိပူအစိုးရကတော့ မူးယစ်ဆေးနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကြောင့် သူတို့ရဲ့ ပြည်တွင်းရေးကို ပိုဆိုးစေတယ်လို့ဆိုပြီး မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက် ကီလိုမီတာ ၇၀ ဝန်းကျင်ကို ခြံစည်းရိုးခတ်ဖို့ စီစဉ်နေသလို  နှစ်နိုင်ငံနယ်စပ်ကနေ ၁၆ ကီလိုမီတာအထိ ဝင်ရောက်ခွင့်ရှိတဲ့ “လွတ်လပ်စွာ သွားလာခွင့်စနစ်” ကိုလည်း ဆိုင်းငံ့ဖို့ တင်ပြချက်တွေ ရှိနေပါတယ်။

အိန္ဒိယရောက် မြန်မာစစ်ရှောင်တွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် အခက်အခဲတွေ ရှိနေပေမဲ့ သက်ဆိုင်ရာ ဒေသခြေစိုက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ မဇိုရမ်မှာရှိတဲ့ ဒုက္ခသည်တွေအတွက်က နည်းနည်းပိုပြီး မဏိပူပြည်နယ်က ဒုက္ခသည်တွေထက်စာရင် ကူညီရတာ အဆင်ပြေတယ်။ ကူညီခွင့်လည်း ရှိတယ်ဆိုတာလည်း ရှိပေမယ့် မဏိပူမှာကျတော့ နိုင်ငံရေးအခြေအနေအရ ကူညီရတာတွေမှာ အနှောင့်အယှက် အခက်အခဲတွေ စိန်ခေါ်မှုတွေရှိတယ်ဆိုတာ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ အတတ်နိုင်ဆုံးတော့ ကျနော်တို့ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဒုက္ခကို တတ်နိုင်သမျှ သံသမန်ရေးရာအရရော လူမှုရေးရာအရရော ဆောင်ရွက်ပေးနေတယ်ဆိုတာ‌ ပြောကြားချင်ပါတယ်။”

အိန္ဒိယနိုင်ငံကို  စစ်ရှောင်ကြသူအများစုဟာ စစ်ကိုင်းနဲ့ ချင်းပြည်နယ်ထဲကသူတွေ အများစု ဖြစ်ပြီး တချို့ဟာ ထန်တလန်လိုမျိုး နေစရာမရှိတော့လို့ စစ်ရှောင်လာကြသူတွေလို့ ကူညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

အိန္ဒိယရောက် မြန်မာစစ်ရှောင်တွေ ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကို စာရင်းကောက်ယူနိုင်တာမျိုး၊ ထိထိရောက်ရောက် အကူညီပေးနိုင်တာမျိုး မရှိကြတဲ့အတွက် အသေးစိတ်ကို မသိရနိုင်ဘူးလို့ လည်းဆိုပါတယ်။

စစ်ဘေးရှောင်အကူအညီပေးနေသူတဦးက “ဒီနှစ်ကုန်ပေါ့။ ဒီပုံစံပဲ ဆက်သွားမယ်ဆိုရင်တော့ တဝက်လောက်ကတော့ မဖြစ်မနေ ပြန်ရတော့မယ့် အနေအထား ရောက်တော့မယ်လို့ ကျနော်ကတော့ ယူဆပါတယ်ဗျ”လို့ ပြောပါတယ်။

ရွာတွေဘက်ကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပေမဲ့ မြို့ပေါ်တွေမှာ စစ်ကောင်စီတပ်တွေ ရှိနေသေးတာကြောင့် တကယ်လို့ ပြည်တွင်းကို ပြန်ဖြစ်မယ်ဆိုရင်လည်း လုံခြုံ၊ စိတ်ချရမှုတော့ ရှိမှာမဟုတ်သေးဘူးလို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံထဲမှာ ဖမ်းဆီးခံရပြီးနောက် မြန်မာပြည်ပို့ဖို့ (ဒါမှမဟုတ်) ဖမ်းဆီးထိန်းသိမ်းခံနေရသူ ၁၀၀၀ ကျော် ဝန်းကျင်ရှိနေပြီး နိုင်ငံခြားသားအက်ဥပဒေနဲ့ ဖမ်းဆီးခံရတဲ့သူကတော့ ၁၇၀ ကျော်ဝန်းကျင်ရှိနေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူတွေက ခန့်မှန်းပြောပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013