DVB Logo
Home
မြန်မာသတင်း
CRSH၊ CDM နှင့် နိုင်ငံရေးအစုအဖွဲ့များ စစ်ကိုင်းဖက်ဒရယ်ယူနစ်အရေး ဆွေးနွေး
DVB
·
October 2, 2023
CRSH၊ CDM နှင့် နိုင်ငံရေးအစုအဖွဲ့များ စစ်ကိုင်းဖက်ဒရယ်ယူနစ်အရေး ဆွေးနွေး
Donate to DVB

စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) နဲ့ CDM ဝန်ထမ်းတွေ၊ မြေပြင်နိုင်ငံရေး အစုအဖွဲ့တွေ တွေ့ဆုံပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် အနာဂတ်ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးတိုင်ပင်နေကြပါတယ်။

ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းအရ အခုလိုဆောင်ရွက်နေတာလို့သိရပြီး မြေပြင်နိုင်ငံရေးနဲ့ လက်နက်ကိုင်အင်အားစုတွေဘက်က ထောက်ပြဝေဖန်တာတွေ ရှိနေပါတယ်။

စက်တင်ဘာလကုန်ပိုင်းကစပြီး စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ CRSH နဲ့ CDM ဝန်ထမ်း‌တွေ၊ မြေပြင်နိုင်ငံရေးအစုအဖွဲ့တွေဟာ ဖက်ဒရယ်ယူနစ်ရေးရာကိစ္စရပ်တွေအတွက် တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ အွန်လိုင်းကနေတဆင့် စုစည်းဆွေးနွေးတာတွေရှိသလို CRSH ခေါင်းဆောင်တွေက မြေပြင်အထိဆင်းပြီး လိုက်လံဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။

ဆွေးနွေးမှုတွေဟာ ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းအရ ဖြစ်ပေါ်လာတာလို့ သိရပါတယ်။ ဖက်ဒရယ်ယူနစ်ဆိုတဲ့ အသုံးအနှုန်းဟာ နောင်ဖြစ်ပေါ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမှာပါဝင်တဲ့ တိုင်းနဲ့ ပြည်နယ်တခုချင်းစီကို ယူနစ်တခုချင်းစီအဖြစ် ဥပဒေကြမ်းမှာ သတ်မှတ်သုံးနှုန်းထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) ဥက္ကဋ္ဌ ဦးမြင့်ထွေးက  "အများပြည်သူ သဘောကျလက်ခံနိုင်မယ့် အခြေအနေနဲ့ လက်ရှိအခြေအနေအရ ကျနော်တို့က ဖက်ဒရယ်စနစ်ကို အရင်ဆုံးသွားမယ်၊ သွားပြီးမှပဲ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှ သင့်တော်မယ်ဆိုတဲ့ အခြေအနေတွေအားလုံးကို လက်ခံရတဲ့ အခြေအနေဖြစ်သွားတယ်ပေါ့နော်။ အဲ့ဒီတော့ ကျနော်တို့က ဖက်ဒရယ်ယူနစ်ကိစ္စရပ်ကို သွားနိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ ကိစ္စရပ်တခုအဖြစ် ဆောင်ရွက်သွားရမှာဖြစ်တယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲမှာရှိနေတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အင်အား၊ တော်လှန်ရေးအပေါ် နားလည်သဘောပေါက်မှုက မြန်မာပြည်မှာ အကြီးမားဆုံး နားလည်သဘောပေါက်မှု၊ အကြီးမားဆုံး တော်လှန်ရေးအင်အားစုရဲ့ စတင်တော်လှန်ရေးလုပ်နေကြတဲ့ အင်အားစုတွေပဲလေ။ အဲ့တော့ စည်းလုံးညီညွတ်မှုရော ဆွေးနွေးဆောင်ရွက်ရတဲ့ ကိစ္စရပ်တွေရော အားလုံးကျေနပ်စရာလည်းဖြစ်တယ်၊ ရှေ့ဆက်သွားရမယ့် ခရီးအတွက်တောင်မှ အင်အားဖြစ်စေတယ်လို့ ကျနော်တို့က သုံးသပ်လိုတယ်" လို့ ပြောပါတယ်။

ဖက်ဒရယ်ယူနစ်တခုချင်းစီအတွက် ကြားကာလအစီအမံ ဒါမှမဟုတ် ကြားကာလ ဖွဲ့စည်းပုံ အခြေခံရေးဆွဲရေးကို ပြင်ဆင်ဆောင်ရွက်ဖို့ ကော်မရှင်ဖွဲ့စည်းတာ၊ ကော်မရှင်လုပ်ငန်းတွေမှာ ပါဝင်သင့်သူတွေ ပူးပေါင်းလာရေး ညှိနှိုင်းပေးမယ့် အဖွဲ့တခုဖွဲ့စည်းဖို့ စတဲ့အချက်တွေကို ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကြမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

CRSH ဥက္ကဋ္ဌ ဦးမြင့်ထွေးက "အကျင့်ဟောင်း၊ ဓလေ့ဟောင်း၊ အယူအဆဟောင်း၊ အတွေးအခေါ်အဟောင်း၊ ဒီအဟောင်း ၄ ရပ်ကိုလည်း ကျနော်တို့က နည်းနည်းစီပြင်ပေးနေမှ၊ ပြင်နိုင်မှကောင်းမယ်၊ ပြည်နယ်အတွက်လည်းပိုကောင်းမယ်။ ထို့အတူပဲ မြန်မာပြည်အတွက်လည်း ပိုမိုကောင်းမွန်တဲ့ အသိုင်းအဝိုင်းတခု ပိုရသွားမယ်။ ဒီလောက်ပေးဆပ်ပြီးမှ လုပ်နေရတဲ့ တော်လှန်ရေးအတွက်လည်း အနှစ်သာရပိုပြီးတော့ ပြည့်မယ်လို့ ကျနော်ပြောလိုပါတယ်" လို့ ဆိုပါတယ်။

ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းဟာ တိုင်းနဲ့ပြည်နယ်အဆင့် အခြေခံဥပဒေအတွက် ရည်ညွှန်းထားတဲ့ ဥပဒေကြမ်းဖြစ်ပြီး တိုင်းနဲ့ပြည်နယ်တွေကို ဖက်ဒရယ်ယူနစ်အဖြစ် သုံးနှုန်းပြီး လုပ်ငန်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ NUG အစိုးရ နဲ့ တိုင်းရင်းသားအစုအဖွဲ့တွေဘက်က အတည်ပြုထားတာတော့မရှိသေးပါဘူး။ 

အဲ့ဒါအပြင် ဥပဒေကြမ်းမှာပါဝင်တဲ့ ကြားကာလ ဖွဲ့စည်းပုံရေးဆွဲရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ဆက်စပ်တဲ့ ကော်မရှင်ဖွဲ့စည်းရေး၊ ညှိနှိုင်းရေးအဖွဲ့မှာ ပါဝင်မယ့်သူတွေရဲ့ အရည်အချင်းသတ်မှတ်ချက်၊ မြေပြင်လက်နက်ကိုင် အင်အားစုတွေရဲ့ ပါဝင်ခွင့်ကဏ္ဍ အတိအလင်းမရှိတာ၊ ဥပဒေအဖြစ် အတည်မပြုရသေးဘဲ ဥပဒေကြမ်းပါဖော်ပြချက်တချို့ကို မြေပြင်မှာဆောင်ရွက်နေတာ စတဲ့အချက်တွေကို  ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတယောက်က ဝေဖန်ပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့ဝင် ကိုစိုးဝင်းဆွေက "အခုပေါ်ပေါက်လာတဲ့ ဖက်ဒရယ်ယူနစ်များမှ ကြားကာလ အစီအမံများရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းဆိုတဲ့ ကိစ္စက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ကျနော်တို့မြင်တယ်။ ဒါပေမယ့် ဒါက ဥပဒေကြမ်းပဲ ရှိသေးတယ်ဆိုပြီး စောဒကတက်နိုင်ပေမယ့် လက်တွေ့မှာကတော့ ဥပဒေကြမ်းအ ဆင့်မှာပင်ပေါ့ဗျာ၊ ဒီဥပဒေကြမ်းမှာပါတဲ့ လုပ်ငန်းစဉ်တွေအတိုင်း မြေပြင်ကွင်းဆင်းတာတွေ ရှိနေတယ်လို့ ကျနော်တို့ကြားသိရပါတယ်။ ဆိုတော့ တတိုင်းလုံးရဲ့အနာဂတ်နဲ့သက်ဆိုင်တဲ့ တိုင်းရဲ့ ကြားကာလ အစီအမံလိုမျိုးကို ဖော်ဆောင်တဲ့ကိစ္စမှာ ယခုထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိသင့်တယ်။ လုပ်ထုံးလုပ်နည်းတွေကလည်း မြေပြင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီ့ထက်ပိုပြီးတော့ သေသေချာချာ ဂဃနဏ  နားလည်ဖို့ လိုမယ်ထင်တယ်ပေါ့ဗျာ။ ဒါ့ကြောင့် ဒီလိုအခြေအနေဖြစ်အောင် အရင်ဖန်တီးမယ်၊ အကြံဉာဏ်တွေရယူပြီးတော့ အားလုံးပါနိုင်တဲ့ အခင်းအကျင်းတခုကို ဖန်တီးတာကတော့ ပိုပြီးသင့်လျော်မယ်လို့ ကျနော်မြင်ပါတယ်။"

မေလတုန်းကပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်မှာ စစ်ကိုင်းတိုင်းကိုကိုယ်စားပြုတဲ့ နိုင်ငံရေးအစုအဖွဲ့ ဒါမှမဟုတ် အတိုင်ပင်ခံကောင်စီကို တိုင်းရင်းသားဒေသတွေမှာလို ဖွဲ့စည်းနိုင်ရေး ဆွေးနွေးချက်တွေရှိခဲ့တာပါ။ 

စစ်ကိုင်းတိုင်း မြေပြင်မှာပြန့်ကျဲနေတဲ့ တော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့တချို့ကြားမှာ သဘောထား မတိုက်ဆိုင်တာတွေရှိခဲ့သလို နိုင်ငံရေးအရ ရပ်ခံမှုတွေကလည်း မတူညီကြဘဲ ညှိနှိုင်းဖို့ ခက်ခဲတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ 

လတ်တလောအချိန်အထိ စစ်ကိုင်းတော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေဟာ တစုတစည်းတည်းဖြစ်ဖို့ ခက်ခဲနေသလို တိုင်းကိုကိုယ်စားပြုတဲ့ နိုင်ငံရေး ဦးဆောင်အစုအဖွဲ့ ပေါ်ပေါက်ရေးမှာလည်း အငြင်းပွားစရာအခြေအနေတွေ ရှိနေတာပါ။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013