
သီတင်းပတ် ၆ ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူးအသင်းဟာ ဖူဟမ်ကို (၂-၀) ဂိုး နဲ့ အနိုင်ရရှိပြီး နည်းပြ စလော့အပေါ် ဖိအားတွေကို လျှော့ချနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ်ကြယ်ပွင့် ရီယိုငူမိုဟာက အသင်းအတွက် အဖွင့်ဂိုးကို လှပစွာ သွင်းယူပေးခဲ့သလို၊ အသင်းကနေ ထွက်ခွာတော့မဲ့ အီဂျစ်ဘုရင် မိုဟာမက်ဆာလာကလည်း ဒုတိယဂိုးကို သွင်းယူပြီး အန်ဖီးလ်ပရိသတ်တွေကို ဖျော်ဖြေခဲ့တာပါ။
ငူမိုဟာဟာ ပွဲချိန် ၃၆ မိနစ်မှာ ဖလော်ရီယန်ဝက်ဇ်ရဲ့ ပေးပို့မှုကနေတဆင့် ပြိုင်ဘက်နောက်ခံလူကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူခဲ့တာဖြစ်လို့ ဒါဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝအတွက် အလွန်ထူးခြားတဲ့ ဂိုးတခုလည်း ဖြစ်ပါတယ်။
သူ့ရဲ့ဂိုးအပြီး ၄ မိနစ်အကြာမှာပဲ ဆာလာက အသင်းအတွက် ၂၅၆ ဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ပရီးမီးယားလိဂ် အဆင့် ၆ နေရာက ချယ်လ်ဆီးကို ၄ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် ပိုမိုခိုင်မာလာခဲ့ပါတယ်။










