DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဒီပဲယင်းပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်
DVB
·
October 1, 2023
စစ်ကောင်စီက ဒီပဲယင်းပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စက်တင်ဘာ ၃၀ ရက် မနေ့ မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁ ယောက်ကို ခေါင်းဖြတ်သတ်ခဲ့သလို ဒေသခံ ၅,၀၀၀ ကျော် စစ်ဘေးရှောင် နေရတယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးခဲ့ပြီးနောက် ဒီပဲယင်းမြို့ထဲကို ဝင်ရောက်ခဲ့ပြီး အခု ဒီပဲယင်းမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုး နေတာလို့ ဒေသခံ တွေက ပြောပါတယ်။

ဒေသခံတယောက်က “စစ်ဘေးရှောင်နေရတာကတော့ ၃ ရက်လောက် ရှိပြီဗျို့။ သူတို့ ဒီပဲယင်းမြို့ပေါ်ကိုရောက်သွားကတည်းက ကျနော်တို့ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်လို့ ရွာအနီးက တောတွေထဲ ယာယီတိမ်းရှောင်နေရတယ်။ ဒီနေ့ မနက်ကျတော့ စစ်ကြောင်းက ရွာတွေဘက်ကို စစ်ကြောင်းထိုးလာတော့ ရွာနဲ့အဝေးဆုံးကိုထွက် ပြေးရတော့တာပေါ့ဗျာ။ ဒီနေ့ မနက်ခင်းပိုင်း မိုးကလည်းရွာတော့ စစ်ဘေးရှောင်ရတာ အတော်လေးဒုက္ခရာက်တယ်။ လမ်းတွေကလည်း မြေလမ်းတွေဆိုတော့ ချော်လဲတာ တွေလည်း ရှိခဲ့တယ်” လို့ ပြောပါတယ်။

ယင်းတွေရွာ၊ လက်တီးရွာ၊ မဲသည်ရွာ၊ ဝဘာရွာ၊ သပြေသာရွာ၊ ငြိမ်းချမ်းရွာ၊ ကြည်ရွာ၊ ဘုရားထွက်ရွာ၊ ပုဂံရွာ၊ နှောပင်ရွာ၊ အင်တန်းရွာ၊ တောကျောင်းရွာ၊ ပျံကျရွာ၊ နဘဲလှရွာ၊ ကြခတ်ရွာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေရတာ လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ကာကွယ်ရေးခေါင်းဆောင်တယောက်က “စစ်ပွဲကတော့ တင်းမာနေဆဲပဲ။ မနက်ခင်းကတော့ လက်တီးရွာနားမှာတော့ ပစ်ခတ်မှု ခဏလေးဖြစ်သေးတယ်။ သူတို့က လက်တီးရွာသား ၃ ယောက်ကိုဖမ်းပြီး အကြားအာရုံချို့တဲ့ တဲ့ ကိုနိုင်လင်း အသက် ၄၀ ဝန်းကျင်ကိုတော့ ခေါင်းဖြတ်သတ်ထားခဲ့တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ လူသားဒိုင်းအဖြစ် ခေါ်သွားကြတယ်။ အခုလို အပြစ်မဲ့အရပ်သားတွေပေါ် ကျူးလွန် တာတော့ လုံးဝလက်မခံနိုင်ဘူး” လို့ ပြောပါတယ်။

ဖမ်းခေါ်သွားတဲ့ ရွာသားတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၁၀၀ လောက်ရှိပြီး ညနေပိုင်းမှာ ပျံကျရွာနားကို ရောက်လာပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများလို့ မုံရွာ နမခ ကနေ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 နဲ့ လာရောက်ကူညီပစ်ခတ်ခဲ့ပါတယ်။

ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “သူတို့ လက်တီးရွာကနေ နဘဲလှရွာဘက်ကို စစ်ကြောင်းထိုးလာတာကိုကြိုသိလို့ ကျနော်တို့အဖွဲ့တွေ ပျံကျရွာနဲ့ အနီးကနေပြင်ဆင်ပြီး ကြိုစောင့်တိုက်ခဲ့တာပါ။ သူတို့က နဘဲလှရွာကိုမဝင်ဘဲ ရွာအနီးဘေးကနေဖြတ်ပြီး ပျံကျရွာကိုဖြတ်တက်လာတယ်။ အဲမှာ ကျနော်တို့ဘက်က လက်ဦးမှုရယူပြီး အရင်ပစ်ခတ်နိုင်ခဲ့တယ်။ ကျနော်တို့ ပစ်ကွင်းဘက်ကတော့ စစ်ခွေး ၁၀ ထက်မနည်း သေဆုံးဒဏ်ရာရတာတွေမြင်လိုက်ရတယ်ပေါ့။ တခြားအဖွဲ့တွေရဲ့ ပစ်ကွင်း ဘက်ကတော့ စစ်ခွေးဘယ်လောက် ထိမလဲတော့မသိရသေးဘူး။ အဲလိုအကျအဆုံး များလို့ ၅ နာရီ ၄၅ မိနစ်လောက်ကျတော့ နမခကနေ လေယာဉ်နဲ့လာပစ်တယ်။ ပစ်တာက တိုက်ပွဲဖြစ်ရာအနီးကို ပစ်တာ။ သူတို့လာပစ်တဲ့အချိန်ကျတော့ ကျနော်တို့ တိုက်ပွဲက ပြီးနေပြီ။ ကိုယ့်ဘက်ကတော့ အထိအခိုက် တစုံတရာမရှိခဲ့ဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဦးဆောင်ပြီး ‌မြို့နယ် ပကဖ၊ အပဖ၊ ဒေသခံ LPDF တွေနဲ့ မဟာမိတ်ညီနောင်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013