
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စစ်ဆင်ရေးတွေမှာ စစ်ကြောင်းမှူး၊ ဗိုလ်ကြီးအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်သား ၄၀၀ လောက် ထိခိုက်သေဆုံးခဲ့တယ်လို့ YGF-ရေးပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သူတို့အဖွဲ့သီးခြားအနေနဲ့ရော၊ ပူးပေါင်းမဟာမိတ်အဖွဲ့တွေနဲ့ရော ဒီ ၂ နှစ်အတွင်း စစ်ရေးဖော်ဆောင်တာ ၅၂ ကြိမ်ရှိတယ်လို့ဆိုပါတယ်။
ဒီကာလအတွင်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းမှူး ၁ ယောက်၊ ဗိုလ်ကြီး ၃ ယောက်၊ ဒုဗိုလ် ၁ ယောက်၊ ရဲအုပ် ၁ ယောက်အပါအဝင် ၁၈၂ ယောက်သေဆုံးခဲ့ပြီး၊ ၂၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
YGF-ရေးပြောက်ကျားတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် မေ ၁၉ ရက်နေ့မှာ Ye People Defence Force-South(YPDF-South)ဆိုတဲ့ အမည်နဲ့ စတင်တည်ထောင်ခဲ့ပြီး နွေဦး တော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတခုအနေနဲ့ ပါဝင် လာခဲ့ပါတယ်။
YPDF-South အနေနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စစ်ဆင်ရေးတွေကို စတင်ဖော်ဆောင်ခဲ့ပြီး အဲဒီနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ Ye Guerrilla Force (ရေးပြောက်ကျားတပ်ဖွဲ့)အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။
ပြည်သူတွေလိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ခေတ်အဆက်ဆက်က မတရားအုပ်စိုးထားတဲ့ အာဏာရှင်စနစ်ဆိုးကြီး အပြီးတိုင် အမြစ်ပြတ်ရေးအတွက် တပ်ဖွဲ့အနေနဲ့ အစွမ်းကုန်ကြိုးစားတိုက်ပွဲဝင်သွားမှာဖြစ်သလို ပြည်သူတွေကလည်း ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးမှာ အားသွန်ခွန်စိုက် ကူညီပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။










