
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုက ဒေသခံ ၁ ယောက်ကို စက်တင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ပြီး ဒေသခံ ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြင်းငယ်ရွာသား အသက် ၁၈ နှစ်အရွယ် ကိုအောင်ဖြိုးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ပုလောမြို့နယ်၊ နန်းပရုတ်ကျေးရွာနားမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့က ငါးမိုင်-ဖော့ရွာဘက်ကနေ ရှပ်ပုံရွာကို စစ်ကောင်စီဘက်က အင်အား ၈၀ ကျော်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်ခရိုင် တပ်ရင်း ၁ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “အဲဒီစစ်ကြောင်းဟာ နန်းပရုတ်ကျေးရွာမှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းပါ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဒေသခံကိုပစ်သတ်တဲ့နေရာက အဝေးကြီးပါ။ ဘာအကြောင်းရင်းလဲ မရှိဘဲနဲ့ ပစ်သတ်သွားတာပါ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံ ၂ ယောက်ကတော့ ရှပ်ပုံရွာသားတွေဖြစ်ကြပြီး စစ်ကောင်စီဘက်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။










