
ပဲခူးတိုင်း၊ ပေါင်းတည်နဲ့ ကြို့ပင်ကောက်မြို့တို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံခဲ့ရပြီး ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်တွေဆီက သိရပါတယ်။
ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းရွာနဲ့ ထန်းကုန်းရွာကြား သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၉ နာရီခွဲက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
အဲဒီ အထိုင်စခန်းကနေထွက်လာတဲ့ အင်အား ၂၇ ယောက်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ပြည်ခရိုင်တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF) နဲ့ Sniper တပ်ဖွဲ့၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က သေဆုံးထိခိုက်နိုင်ပြီး ဆက်လက်အတည်ပြုနေတုန်းပဲလို့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး၊ လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး နာရီဝက်လောက်အကြာမှာ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းဘက်ကို ဆက်လက် ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တိုက်ပွဲဖြစ်တဲ့နေရာကို ရှင်းလင်းရေးလုပ်တဲ့အခါ မပေါက်ကွဲသေးတဲ့ ၆၀ မမ ကျည် ၂ တောင့်၊ အသုံးပြုပြီးတဲ့ ၄၀ မမ ကျည်ခွံတွေ၊ ၇၆၂ ကျည်အကောင်း ၂ တောင့်နဲ့ ကျည်ခွံတွေကို သိမ်းဆည်းရခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီလောက်က ကြို့ပင်ကောက်မြို့နယ်၊ ကြာအင်းချောင်းမကြီးနားက ခုနစ်အိမ်တန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကင်းစခန်းတည်နေရာကို ထောက်လှမ်းမိလို့ ဖြိုခွင်းခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံး၊ ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြည်သူတွေရှိနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ တပ်ထိုင်ထားတဲ့ရွာထဲကို ဆက်လက်မတိုက်ခိုက်တော့ဘဲ အနီးကပ်စောင့်ကြည့်နေတယ်လို့ပဲ ဆိုပါတယ်။










