ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စက်တင်ဘာ ၂၉ ရက် ဒီနေ့မှာ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်တားဆီးနှိမ်နင်းရေး အရာရှိတွေဟာ စက်တင်ဘာ ၂၈ ရက် မနက် ၉ နာရီလောက်က မဲဆောက်မြို့ အမှတ် ၆ ရပ်ကွက် ဘန်ဟွေဟေဖန်စစ်ဆေးရေးဂိတ်မှာ သက်တမ်း ၇၃၉ ရက် ကျော်လွန်နေထိုင်နေတဲ့ မြန်မာအမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
စက်တင်ဘာ ၂၉ ညနေ ၄ နာရီလောက်မှာလည်း ဘန်ဟေဟေဖန်စစ်ဆေးရေးဂိတ်မှာ စာရွက်စာတမ်း အထောက်အထား မပါဘဲ ထိုင်းနိုင်ငံထဲမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ဦးလုံးဟာ ထိုင်းနိုင်ငံထဲ တရားမဝင် နေထိုင်နေကြောင်း ဝန်ခံတဲ့အတွက် ပုဒ်မ ၂၂ အရ အရေးယူဆောင်ရွက်သွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
သက်တမ်း ၇၃၉ ရက်ကျော်တဲ့ မြန်မာအမျိုးသမီးကို လက်ရှိ မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး စာရွက်စာတမ်း အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၂ ဦးကိုတော့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထားရှိပါတယ်။
တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက စက်တင်ဘာ ၁ ရက်က ကြေညာခဲ့ပြိီးနောက် စက်တင်ဘာ ၂၈ ရက်အထိ မြန်မာနိုင်ငံသား အယောက် ၅၀ ထက်နည်း ဖမ်းဆီးခံခဲ့ရပါတယ်။
Photo-Tak Immigration