DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူတဦးချင်းစီ၏ ပုဂ္ဂလိကအခွင့်အရေးများကို စစ်ကောင်စီ ပိုမိုချိုးဖောက်လာ
DVB
·
September 30, 2023
မြန်မာပြည်သူတဦးချင်းစီ၏ ပုဂ္ဂလိကအခွင့်အရေးများကို စစ်ကောင်စီ ပိုမိုချိုးဖောက်လာ
Donate to DVB

စစ်ကောင်စီရဲ့ အချက်အလက် ကောက်ယူမှုတွေက ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုကို နောက်ယောင်ခံဖို့နဲ့ စောင့်ကြည့်ဖို့သက်သက်ဖြစ်တယ်လို့ စောင့်ကြည့်တဲ့ အဖွဲ့တွေက ပြောပါတယ်။ 

စစ်ကောင်စီက လတ်တလော ဖုန်းဆင်းမ်ကတ်တွေ မှတ်ပုံတင်ခိုင်းတာ၊ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဖုန်းဆင်းမ်ကတ်တွေကို ရောင်းချဖို့ တားမြစ်တာတွေအပြင် လူတဦးတယောက်ချင်းစီရဲ့ အချက်အလက်တွေ တောင်းခံတာကိုလည်း နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး သုံးသပ်ပြောကြားလိုက်တာပါ။

အခုကာလနဲ့ လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံအတွင်း လူတဦးချင်းရဲ့ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေမှုက ပိုဆိုးလာနိုင်တယ်လို့ ကမ္ဘာတဝန်း ဒီဂျစ်တယ်နဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ တိုးမြှင့်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ Access now ရဲ့ မြန်မာနိုင်ငံတာဝန်ခံက ပြောပါတယ်။

တာဝန်ခံ မဝေဖြိုးမြင့်က “အခုလုပ်နေတဲ့ ဒေတာတွေမှန်သမျှ လိုနေတဲ့ဒေတာတွေကို လိုက်ဖြည့်နေတာတွေရှိတယ်၊ EID projectတွေ၊ Unit ID project တွေက ဒီနှစ်ထဲမှာရော ရှေ့နှစ်ထဲမှာရော သူတို့ တိုးပြီးတော့ လုပ်ဆောင်လိမ့်မယ်။ ဒါတွေက သူတို့ဒေတာဘေ့စ်ကြီး တခုလုံး ခြုံငုံမိနိုင်အောင် သူတို့လုပ်နေတယ်လို့ ကျမတို့ အကြမ်းဖျင်း နားလည်တယ်ပေါ့နော်။ လက်ရှိသုံးသပ်ချက်အရ လူထုအကျိုးစီးပွားအတွက် ရည်ရွယ်တဲ့ဟာ မဟုတ်ဘူးဆိုတာ ကျမတို့ နားလည်လို့ရတယ်။ သူတို့က အာဏာသိမ်းတည်းက တယ်လီဖုန်းအော်ပရေတာတွေကို ကြားဖြတ်နားထောင်နိုင်တဲ့ စနစ်တွေ သူတို့ တပ်ခိုင်းတာတွေ ရှိတယ်ပေါ့။ လူထုရဲ့ သတင်းအချက်အလက် လွတ်လွတ်လပ်လပ် ရပိုင်ခွင့်တွေ၊ လူထု လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်တွေ၊ လွတ်လပ်စွာ စုရုံးပိုင်ခွင့်တွေနဲ့ နောက် privacy တွေ အကုန်လုံးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်ပေါ့။ အခု ကျမတို့ တောက်လျှောက် လက်ရှိမှာ ပြင်နေရတာကိုက လူတဦးချင်းစီရဲ့ အခွင့်အရေး‌တွေ မျိုးစုံကို ဒီ စကစက စစ်တပ်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာကို တွေ့ရတယ်” လို့ ပြောပါတယ်။

EID project အောက်မှာ နိုင်ငံသားမှတ်ပုံတင်ပါ အချက်အလက်တွေ ကောက်ယူစုဆောင်းတာမျိုးတွေ ပါဝင်ပြီး Unit ID ပရောဂျက်မှာတော့ ပြည်ပနိုင်ငံသားတွေရဲ့ အချက်အလက်တွေ ကောက်ယူစုဆောင်းတာမျိုးတွေ ပါရှိတာ ဖြစ်ပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ စောင့်ကြည့်နောက်ယောင်ခံမှု ယန္တရားကို ပြည့်စုံအောင် ပုံဖော်နေတာဖြစ်လို့ လူထုအနေနဲ့က တတ်နိုင်သမျှ အချက်တွေ မပေးကြဖို့ကိုလည်း တိုက်တွန်းပြောပါတယ်။ လက်ရှိမှာတော့ လူထုရဲ့ဖုန်းနဲ့ ကေပေးတွေ စောင့်ကြည့်ခံနေရတာကို သိသိသာသာ ခံစားနေရတယ်လို့ ပြည်သူတယောက်ကလည်း ပြောပါတယ်။

“အဓိကက တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူနဲ့ကြားမှာ သတင်းစီးဆင်းမှုကို နှောင့်နှေးသွားအောင်ပေါ့၊ ဒီထက်ပိုပြီး ကြပ်ချင်တဲ့အတွက်ကြောင့် ဆိုင်ဘာလုံခြုံရေးအရ ဆိုပြီး အကြောင်းပြပြီး ဆင်းမ်ကတ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကိုယ်ရေးအချက်အလက်တွေ အကုန်လုံးကို သူတို့ ထိန်းချုပ်ချင်နေတဲ့သဘော ရှိပါတယ်။ အဲဒီအတွက်ကြောင့်မလို့ ကျနော်တို့မှာတော့ လုံခြုံစရာတော့ မရှိဘူးပေါ့။ ဘာလို့လဲဆိုရင် ကျနော်တို့ ခုနောက်ပိုင်းနှစ်တွေမှာဆို ဖုန်းပြောရတာအစ အသံတွေအစ တဖြည်းဖြည်း သံသယဝင်စရာကောင်းလောက်အောင် မူမမှန်တဲ့အချက်တွေ ခံစားနေရတယ်။”

မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာမသိမ်းခင်က မိုဘိုင်းဆင်းကတ် အသုံးပြုသူပေါင်း ၆၉ ဒသမ ၄၃ သန်းလောက် ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဗဟိုထိန်းချုပ်မှုစနစ်နဲ့ စောင့်ကြည့်ဖို့ ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ တင်မကဘဲ နိုင်ငံတကာ မိုဘိုင်းလ်စက်ပစ္စည်း အထောက်အထား International Mobile Equipment Identity (IMEI) နံပါတ်အားလုံးကို မဖြစ်မနေ မှတ်ပုံတင်ရမယ်လို့လည်း ၂၀၂၂ ခုနှစ်ကစပြီး ဆက်တိုက် စစ်ကောင်စီဘက်က ကြေညာနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက လူထုကို စောင့်ကြည့်နောက်ယောင်ခံဖို့အတွက် မိုဘိုင်းဖုန်းတွေရဲ့ SIM Database၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ကောက်ယူမှုတွေလို National database နဲ့ ဘဏ်အကောင့်တွေနဲ့ သက်ဆိုင်တဲ့ Financial database စတဲ့ ဒေတာဘေ့စ်သုံးခုကို အပြန်အလှန် ကိုးကားနိုင်ဖို့အတွက် ပြိုင်တူတည်ဆောက်နေတာဖြစ်တယ်လို့ စောင့်ကြည့်အဖွဲ့တွေရဲ့ လေ့လာချက်တွေ့ရှိချက်တွေအရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013