DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် ခုခံစစ်ပွဲရုပ်သံသတင်း Asian Academy Creative Awards ဆု ဆန်ခါတင် စာရင်းဝင် 
DVB
·
September 28, 2023
မြန်မာပြည် ခုခံစစ်ပွဲရုပ်သံသတင်း Asian Academy Creative Awards ဆု ဆန်ခါတင် စာရင်းဝင် 
Donate to DVB

အာရှဒေသတွင်း အနုပညာထူးချွန်ဆုပေးပွဲတခုဖြစ်တဲ့ Asian Academy Creative Awards ရဲ့ နိုင်ငံအလိုက် National Winners ဆုရသူတွေရဲ့ စာရင်းတွေကို စက်တင်ဘာ ၂၈ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ရာမှာ CNN သတင်းဌာနက တင်ဆက်ထားတဲ့ မြန်မာနိုင်ငံက ပြည်သူ့ ခုခံတော်လှန်စစ်ပွဲအကြောင်း ရုပ်သံသတင်းလည်း ပါဝင်နေပါတယ်။

အဆိုပါရုပ်သံသတင်းထဲမှာတော့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရထံကနေ  စစ်တပ်ကအာဏာလုယူပြီးနောက် အချိန် ၂ နှစ်အကြာ မြန်မာနိုင်ငံအတွင်းက ရှားရှားပါးပါး မြင်ကွင်းတွေကို CNN သတင်းဌာနမှ အိုင်ဗန်ဝပ်ဆန်က တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ Asian Academy Creative Awards ရဲ့ နိုင်ငံအလိုက် National Winners ဆုရ စာရင်းထဲမှာတော့ လူငယ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အေးချမ်းမောင်၊ ပန်းရောင်ခြယ်တို့လည်း ပါဝင်နေပြီး သူတို့နှစ်ယောက်စလုံးဟာ “တမြေ့မြေ့မိုး” ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင် ဆုစာရင်းမှာ အသီးသီး ပါဝင်နေကြတာပါ။

အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုစာရင်းမှာတော့ “ချိုခါးဆိမ့်သက် အချစ်တစ်ခွက်” ဇာတ်လမ်းတွဲထဲက သရုပ်ဆောင် ဆုထက်က ရွေးချယ်ခံခဲ့ရပြီး “မောင်မောင်တို့ရဲ့ မောင်မောင်” ဇာတ်လမ်းတွဲကတော့ အကောင်းဆုံးဟာသအစီအစဉ်ဆု စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

အကောင်းဆုံးဒါရိုက်တာဆုစာရင်းမှာတော့ “ရန်ကုန်ညများ” ဇာတ်လမ်းတွဲကို ရိုက်ကူး ခဲ့တဲ့ လူငယ်ရုပ်ရှင်ဒါရိုက်တာ စိုင်းဉာဏ်လင်းဆက်က ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အကောင်းဆုံး ဒရာမာစီးရီးစ်ဆုစာရင်းမှာတော့ “အိပ်မက်ငိုတော”ဇာတ်လမ်းတွဲက ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

Asian Academy Creative Award ဆုပေးပွဲကိုတော့ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး အာရှနဲ့ ပစိဖိတ်ဒေသတွင်းက တနှစ်တာအတွင်း ထုတ်လုပ်တင်ဆက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ကောင်းတွေ၊ ဇာတ်လမ်းတွဲတွေကို ရွေးချယ်ပြီး ကဏ္ဍအလိုက် ထူးချွန်ဆုတွေ ချီးမြှင့်တဲ့ ဆုပေးပွဲ ဖြစ်ပါတယ်။        

ခုလတ်တလောမှာတော့ မြန်မာနိုင်ငံက National Winners ဆုရရှိသူတွေ အပါအဝင် တခြားသော အာရှနိုင်ငံအသီးသီးက National Winners တွေကို ဆန်ကာတင်အနေနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလမှာကျင်းပမယ့်  Grand Final ပွဲမှာတော့ နိုင်ငံအသီးသီးက  National Winners ဆုရှင်တွေ  ဆက်လက်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

CNN ရုပ်သံလင့်ခ်— Militia is fighting back against Myanmar military government with makeshift weapons

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013