Home
မြန်မာသတင်း
စစ်ကောင်စီထုတ် ဘီယာ ၁,၂၆၄ ဖာကို ကနီ (ပအဖ) သိမ်းဆည်းဖျက်ဆီး
DVB
·
September 27, 2023

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းကနေ သယ်ဆောင်လာတဲ့ စစ်ကောင်စီ ထုတ်ကုန် Dagon ဘီယာတွေကို သိမ်းဆည်းပြီး ဖျက်ဆီးခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သတင်းထုတ်ပြန်ထားပါတယ်။

“ဖမ်းဆီးတာက ၂ ကြိမ် ဖမ်းဆီးခဲ့တာပါ။ ပထမအကြိမ်က ဖာရေ ၈၀၀ ကျော် ဖမ်းမိတယ်။ ဒုတိယအကြိမ်က ၄၆၄ ဖာ ဖမ်းမိခဲ့တာပါဗျ။ ဖမ်းဆီးခဲ့တာက စက်တင်ဘာ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့တာ။ စက်တင်ဘာ ၂၃ ရက်နေ့ကျတော့ ချင်းတွင်းမြစ်ကမ်းအရှေ့ဘက် ကျေးရွာတရွာအနီးမှာ ဖျက်ဆီးခဲ့တာပါ” လို့ ကနီ ပအဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါဘီယာဖာတွေကို မန္တလေးမြို့ဆိပ်ကမ်းကနေ ကုန်တင်မော်တော်ဖလပ်တွေနဲ့ ကနဦး သယ်ဆောင်လာကာ ဧရာဝတီမြစ်အတွင်းကနေတဆင့် ချင်းတွင်းမြစ်အထက်ပိုင်း ရွှေမျှော (ရွှေလုပ်ငန်းလုပ်ကိုင်တဲ့နေရာ) တွေရှိတဲ့ နေရာတွေကို ပို့ဆောင်ရင်း အခုလို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ပညာပေးကာလဖြစ်လို့ ပစ္စည်းပိုင်ရှင်တွေကို မဖမ်းဆီးဘဲ ဘီယာဖာတွေကိုသာ သိမ်းဆည်းခဲ့ကာ နောက်တကြိမ် ထပ်မံသယ်ဆောင်လာပါက ပစ္စည်းသိမ်းပြီး အရေးယူတာမျိုး မဟုတ်တော့ဘဲ ပစ္စည်းပိုင်ရှင်ရော၊ သယ်ဆောင်လာသူကိုပါ အရေးယူသွားမယ်လို့ ကနီ ပအဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကာင်စီထုတ်ကုန်တွေကို ပြည်သူတွေ မသုံးစွဲကြဖို့ တော်လှန်ရေးအဖွဲ့တွေက အကြိမ်ကြိမ် တားမြစ်ချက်တွေ၊ ထုတ်ပြန်အသိပေးတာတွေလည်း ရှိတယ်လို့ ဒေသခံကာကွယ်ရေးဘက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024