
မဲစာရင်းကို အကြောင်းပြပြီး တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ လူဦးရေသန်းခေါင်စာရင်းကောက်တာကို နမူနာ ရွေးချယ်ထားတဲ့ မြို့နယ် ၂၀ မှာ စမ်းသပ်ကောက်ယူသွားမယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ၈ ခုရှိတဲ့အနက် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူတာကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က စပြီး အောက်တိုဘာ ၁၅ ရက် နေ့ထိ ၁၅ ရက်ကြာ ကောက်ယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ MRTV သတင်းမှာ စက်တင်ဘာ ၂၆ ရက် ဒီနေ့ ထုတ်လွှင့်ခဲ့ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက နမူနာ ရွေးချယ်ထားတဲ့ မြို့နယ် ၂၀ မှာ စမ်းသပ်သန်းခေါင်းစာရင်းကောက်ယူသွားမှာ ဖြစ်ပါတယ်။
ဒီမြို့နယ် ၂၀ မှာ ကောက်မယ့် စာရင်းကောက်ကွက် ၁၀၀ ကိုလည်း ရွေးချယ်ထားပြီးပြီလို့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ညွန်ကြားရေးမှုးချုပ် ဦးယဉ်ကျော်ဦးက MRTV မှာ ဖြေကြားထားပါတယ်။
အခုလို စမ်းသပ်သန်းခေါင်စာရင်းကောက်တာမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဝန်ထမ်းတွေနဲ့ပဲ ကောက်ယူသွားမှာဖြစ်ပြီး စာရင်းကောက်သင်တန်းလည်း ပေးပြီးဖြစ်တဲ့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
စမ်းသပ်သန်းခေါင်စာရင်းကောက်တာဟာ ပင်မသန်းခေါင်စာရင်းမကောက်မီ တနှစ်အလိုမှာ မဖြစ်မနေ ဆောင်ရွက်ရတာဖြစ်ပြီး ပင်မသန်းခေါင်စာရင်းကောက်တာကို လုပ်ငန်းအချိန်ဇယားအတိုင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။