DVB Logo
Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယနယ်စပ်၌ ၇၀ ကီလိုမီတာ ခြံစည်းရိုးခတ်ရန် မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဆွေးနွေး
DVB
·
September 26, 2023
မြန်မာ-အိန္ဒိယနယ်စပ်၌ ၇၀ ကီလိုမီတာ ခြံစည်းရိုးခတ်ရန် မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဆွေးနွေး
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းဂ်ဟာ နယ်စပ်လမ်း ဖောက်လုပ်ရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်အကြား ၇၀ ကီလိုမီတာ အရှည်ရှိတဲ့ ခြံစည်းရိုးအသစ် ထပ်မံဖောက်လုပ်ဖို့ တင်ပြဆွေးနွေးခဲ့ပါတယ်။

တိုင်းရင်းသားပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ မဏိပူရပြည်နယ်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး အဲဒီခြံစည်းရိုးကို တည်ဆောက်မှာ ဖြစ်ပါတယ်။

မဏိပူရပြည်နယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ အယောင်ဆောင်စစ်ကားတွေ သွားလာနေတာကို အာဆမ်ရိုင်ဖယ်တပ်ဖွဲ့က ရဲကို သတင်းပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေအပေါ် ဆန္ဒပြမှုတွေ ရှိနေတာကြောင့် နှစ်နိုင်ငံအကြား နောက်ထပ် ၇၀ ကီလိုမီတာအရှည်ရှိတဲ့ ခြံစည်းရိုး ထပ်မံဖောက်လုပ်မယ့် အစီအစဉ်ကို အစည်အဝေးမှာ တင်ပြခဲ့တယ်လို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ်က  X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်က လွတ်လပ်စွာ သွားလာခွင့်ပေးထားတဲ့ နယ်မြေကို ပိတ်သိမ်းဖို့ အိန္ဒိယအစိုးရကို တောင်းဆိုပြီးတဲ့ နောက်တရက်မှာ မဏိပူရပြည်နယ်ဝန်ကြီးချုပ်ဟာ အတွင်းရေးမှူးချုပ်၊ နယ်စပ်လမ်းဖောက်လုပ်ရေးအဖွဲ့အစည်း၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

နယ်စပ်အနီးမှာ နေထိုင်ကြသူတွေဟာ နယ်စပ်ကနေ ၁၆ ကီလိုမီတာအကွာ နယ်နိမိတ်ထဲကို အထောက်အထား ပတ်စ်ပို့မလိုဘဲ လွတ်လပ်စွာ သွားလာခွင့် ရှိထားကြပါတယ်။

အိန္ဒိယနိုင်ငံအတွင်းက နယ်ခြားစောင့်တပ်တွေဟာ တဖွဲ့နဲ့တဖွဲ့ကြား ၁၄-၁၅ ကီလိုမီတာလောက် ခြားပြီး စခန်းချထားတာကြောင့် သူတို့ကို ရှောင်ကွင်းပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နိုင်တဲ့ အခြေအနေ ရှိနေကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်ရဲ့မြို့တော် အင်ဖာမှာ သတင်းထောက်တွေကို ပြီးခဲ့တဲ့စနေနေ့က ပြောခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းဂ်ဟာ “နယ်စပ်လမ်းဖောက်လုပ်ရေး အဖွဲ့အစည်းက အရာရှိတွေနဲ့ တွေ့ဆုံပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် နောက်ထပ် ကီလိုမီတာ ၇၀ အရှည်ရှိတဲ့ နယ်စပ်ခြံစည်းရိုးဆောက်လုပ်ရေး စီမံကိန်းကို သေချာစွာ ဆွေးနွေးတင်ပြခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို အထွေထွေအတွင်းရေးမှူးချုပ်၊ ပြည်နယ်ရဲမှူးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်” လို့ လူမှုကွန်ရက်ပေါ်မှာ စာရေးသားခဲ့ပါတယ်။

မဏိပူရပြည်နယ်နဲ့ မြန်မာနိုင်ငံကြားက နယ်စပ်မျဉ်းတလျှောက်မှာ ကာထားတဲ့ ခြံစည်းရိုးဟာ စုစုပေါင်း နယ်စပ်အရှည်ရဲ့ ၁၀ ရာခိုင်နှုန်းအောက်ပဲရှိတာကြောင့် မူးယစ်မှောင်ခို လုပ်ငန်းတွေကို မတားဆီးနိုင်ဘဲ ရှိနေပါတယ်။

မဏိပူရပြည်နယ်ထဲက ခရိုင် ၅ ခုရဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ စုစုပေါင်း နယ်စပ်မျဉ်းအရှည်ဟာ ကီလိုမီတာ ၄၀၀ ခန့် ရှိပါတယ်။

အိန္ဒိယနဲ့ မြန်မာကြား ထိစပ်နေတဲ့ နယ်စပ်မျဉ်းအရှည် စုစုပေါင်းကတော့ ကီလိုမီတာ ၁,၆၀၀ ခန့် ရှိပါတယ်။

ပထဝီဝင် အနေအထားရသော်လည်းကောင်း ဘဏ္ဍာရေးအခြေအနေအရသော်လည်းကောင်း နယ်စပ်မျဉ်းတလျှောက်လုံးမှာ ခြံစည်းရိုးမခတ်နိုင်ရင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု အများဆုံး ဖြစ်ပေါ်နေတဲ့ နေရာတွေမှာ ခြံစည်းရိုးခတ်ဖို့အတွက် မဟာဗျူဟာပိုင်းဆိုင်ရာ ပညာရှင်တွေက အကြံပေးခဲ့ကြတယ်လို့ အိန္ဒိယအခြေစိုက် The Statesman သတင်းမှာ ဖော်ပြပါတယ်။

Ref: The Statesman

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013