DVB Logo
Home
မြန်မာသတင်း
ကိုမင်းဟိန်းခန့် ထောင်တွင်း လုံလောက်သည့် ဆေးကုသခွင့်မရသဖြင့် သေဆုံးခြင်းဖြစ် 
DVB
·
September 26, 2023
ကိုမင်းဟိန်းခန့် ထောင်တွင်း လုံလောက်သည့် ဆေးကုသခွင့်မရသဖြင့် သေဆုံးခြင်းဖြစ် 
Donate to DVB

နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့်ဟာ အင်းစိန်ထောင်တွင်း လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတာလို့ မိသားစုနဲ့နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ရန်ကုန် ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းဖြစ်စဉ်နောက်ဆက်တွဲအနေနဲ့ ၂၀၂၁ နိုဝင်ဘာ ၁ ရက်က သင်္ဃန်းကျွန်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂၁ အရွယ် ကိုမင်းဟိန်းခန့်ခေါ် အားကျယ်ဟာ စက်တင်ဘာ ၂၄ ရက်နေ့မှာ နှလုံးရောဂါနဲ့ ထောင်တွင်းမှာ သေဆုံးသွားခဲ့ပါတယ်။

ထောင်တွင်းမှာ နှလုံးရောဂါကြောင့် အကြိမ်ကြိမ် ဆေးရုံတက်ခဲ့ရပြီး လုံလောက်တဲ့ ဆေးဝါးကုသ မှုမရရှိတဲ့အတွက် ဆုံးပါးခဲ့ရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

“၂၀၂၃ ပေါ့၊ ၅ လပိုင်းကတည်းက နှလုံးရောဂါခံစားနေရတယ်ဆိုပြီးတော့ သူ့အိမ်ကို စာရေးပါတယ်။ ၅ လပိုင်းလောက်မှာ သူ့အဆောင်တဆောင်၊ ရှစ်ခန်းမှာ သူမူးပြီးလဲကျသွားတယ်။ လဲကျတော့ ဆေးရုံရောက်တယ်။ ဆေးရုံက ဆရာဝန်က နှလုံးခုန်သံတွေက မမှန်ဘူး နှလုံးရောဂါဖြစ်နေတာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ပျောက်အောင် အပြင်ရောက်မှ အထူးကုတွေနဲ့ပြပေါ့ အထဲမှာတော့မလွယ်ဘူးကုလို့၊ အခုပေးတဲ့ဆေးတွေတော့ အိမ်ကိုမှာပြီးသောက်ပေါ့လို့ဆိုပြီး ပြောတယ်လို့ သူ့အိမ်ကိုတော့ စာရေးပြီး ဆက်သွယ်ပါတယ်။ ဒီ ၈ လပိုင်းရောက်တော့ ထပ်ပြီး ဆေးရုံတက်ရတယ်။ အခုတော့ ဆုံးသွားတယ်ဆိုပြီး သတင်းကြားတယ်။ ဆုံးသွားတာတော့ ဒီနှလုံးရောဂါနဲ့ပဲ ဆုံးတာလို့ ထောင်ဘက်က အကြောင်းကြားပါတယ်။ နှလုံးရောဂါဆိုတော့ ထောင်ထဲမှာ လုံလောက်တဲ့ ဆေးကုသမှုက မရှိဘူး၊ ထောင်ရောက်နေတာပေါ့နော် အိမ်မဟုတ်ဘူး။ ဒါ့ကြောင့် ဘာမှ ကျန်းမာရေး နဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ စောင့်ရှောက်မှုက ရမှာမဟုတ်ဘူး၊ ကြီးကြီးမားမားဖြစ်ရင် သေမှာပဲ ဒါက ထောင်မှာဖြစ်ရိုးဖြစ်စဉ်ပဲ။”

စစ်ကောင်စီက မင်းဟိန်းခန့်အပါအဝင် ၉ ဦးကို ၄၄ လမ်းဖြစ်စဉ်နဲ့ ဆက်စပ်စွပ်စွဲပြီး ကွယ်လွန်သွားတဲ့ မင်းဟိန်းခန့်ကိုတော့  ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅၊ လူသတ်ဖို့ အားထုတ်မှု (ပုဒ်မ ၃၀၇)၊ ဖောက်ခွဲရေး (ပုဒ်မ ၃/၆)၊ အကြမ်းဖက်ဥပဒေ (ပုဒ်မ ၅၀/ဈ) တို့နဲ့ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မလိုလားအပ်ဘဲ အကျဉ်းသားတွေ အသက်ဆုံးရှုံးရတာက ထောင်တွင်း လုံလောက်တဲ့ဆေးဝါးနဲ့ ကုသခွင့်တွေ မရတာကြောင့် ဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကို ထောင်တွင်းကိစ္စတွေကို သိရှိနိုင်ဖို့ ထောင်တွင်းကို ဝင်ရောက်ကြည့်ရှုပေးဖို့ကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က တိုက်တွန်းပြောပါတယ်။

“ဒီကလေး အသက် ၂၁ ပဲ ရှိသေးတာဗျာ။ ကျန်းမာတဲ့ အသက်အရွယ် ဆေးဝါးကုသမှုသာ လုံလောက်တယ်ဆိုရင် ဒီကလေးသေစရာ ဘာအကြောင်းမှ မရှိဘူးဗျာ။ ကျနော်တို့ အဓိက ပြောချင်တာက ထောင်ထဲမှာ ဆေးဝါးကုသခွင့် မလုံလောက်ဘူး။ အင်းစိန်ထောင်မှာတောင် ဒီလိုဖြစ်နေတာဆိုရင် နယ်ထောင်တွေမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေရော တခြားအကျဉ်းသားတွေရောရဲ့ ဆေးဝါးကုသခံယူခွင့်ဟာ ဘယ်လောက်ဆိုးဝါနေနိုင်လဲဆိုတာ စဉ်းစားကြည့်ပေါ့နော်။ အင်းစိန်ထောင်မှာတောင် ဒီလောက်ဖြစ်တာ နယ်ထောင်တွေမှာဆို ပိုဆိုးသွားမှာ။ ပြီးတော့ ICRC ကိုလည်း မေးချင်တာ၊ ခင်ဗျားတို့ မြန်မာပြည်မှာ ရုံးဆိုက်ထားတာ ဘာလုပ်ဖို့လဲ၊ ခင်ဗျားတို့ အကျဉ်းထောင်တွေထဲကို ဝင်ကြည့်ပေးဖို့ ဘာမှ မလုပ်ပေးနိုင်တော့ဘူးလား၊ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ ဒီထောင်ထဲမှာ ဆေးဝါးကုသခွင့် မလုံမလောက်ဘဲနဲ့ တယောက်ပြီးတယောက် ထပ်သေပေးရဦးမှာလား။”

အကျဉ်းထောင်တွေအတွင်းမှာ အရေးပေါ်ဆေးဝါးကုသခွင့်တွေနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့် မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ထောင်တွင်းအကျဉ်းသားတွေက မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေ နေ့စဉ် ကြုံတွေ့နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရသူ  ၂၄၈၃၆ ယောက်ရှိပြီး ၁၉၂၆၄ ယောက်က  ထိန်းသိမ်းခံနေရဆဲဖြစ်ကာ  ၇၃၆၈ ယောက်မှာ ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့  အေအေပီပီရဲ့ စာရင်းတွေအရသိရပါတယ်။ အဲဒီအထဲ အကြမ်းဖက်စစ်တပ်ကြောင့် သေဆုံးသူ ၄၁၀၈ ယောက်ရှိပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013