
ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ ဩဂုတ် ၁၀ ရက် ညနေက စစ်ကောင်စီတပ်တွေက လိုက်ဖမ်းစဉ် လူငယ်တွေ တိုက်ပေါ်က ထွက်ပြေးခုန်ချခဲ့တဲ့ ဖြစ်စဉ်မှာ ၂ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ သွားကာ ၃ ဦးဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ဒီနေ့ညနေ သတင်းထုတ်ပြန်ပါတယ်။
မနေ့ ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ ၄၄ လမ်း၊ တိုက်အမှတ်(၁၆)၊ (၄)လွှာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတင်းအရ သွားရောက်ရှာဖွေရာမှာ တိုက်ခန်းအတွင်းမှ သီဟကောင်းဆက်(၂၀)နှစ်ပါ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေစဉ် အခန်းအတွင်းရှိ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးက အဖမ်းမခံဘဲ အဆိုပါ တိုက်ခန်း ၃ လွှာ အနောက်ဘက်ရှိ ပြတင်းပေါက်မှ ခုန်ချခဲ့လို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကာ အမျိုးသား ၃ ဦး ဒဏ်ရာနဲ့ တပ်မတော်ဆေးရုံ(ကုတင်-၁၀၀၀)သို့ ပို့ဆောင်ခဲ့ရတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် အဆိုပါတိုက်ခန်းမှာ လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ၁ ထုပ်လျှင် ဗျောက်အိုး ၅၀ ပါ အထုပ် ၂ ထုပ် အပါအဝင် ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ထားပေမဲ့ ဒီသတင်းမှန်ကန်မှုရှိမရှိ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း တော့မရှိပါဘူး။
ဒီဖြစ်စဉ်မှာ သေဆုံးသွားတဲ့ လူငယ် စုစုပေါင်း ၆ ဦးရှိပြီး ၂ ဦးဒဏ်ရာရရှိတယ်လို့ သတင်းထွက်နေတာဖြစ်ပြီး NUG အစိုးရရဲ့ PVTelevision ရုပ်သံလူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်အချင်းချင်း သတင်းပေးပို့နေတဲ့ အသံဖိုင်မှာလာည်း ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးထွန်း ဦးဆောင်တဲ့အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာမှာ ခုန်ချထွက်ပြေးသွားသူ ၃ ဦးသေဆုံးပြီး ၂ ဦး အခြေအနေမကောင်းတော့ ကြောင်းပြောထားပါတယ်။
သေဆုံးသွားတဲ့ လူငယ်တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကတော့ “သူတို့တွေတိုက်ပေါ်ကပြုတ်ကျတော့ နှစ်ဦးကတော့ဆုံးသွားတယ်။ ကျန်တဲ့ကလေးတွေက ကျိုးပဲ့ကုန်ကျတာ။ မသေသေးတဲ့ ကလေးတွေက ကူပါ ကယ်ပါ အော်နေတာကို ဘယ်သူမှ အကူအညီမပေးနိုင်ခဲ့ဘူး။ နောက်ပြီး မသေသေးတဲ့ ကလေးတွေကို စစ်ကောင်စီက အဲဒီနားမှာပဲ ရိုက်နှက်နေတယ်။ မသေခင် ကယ်ကြပါဦးလို့တောင် အော်ခေါ်နေခဲ့တာ။ အခုလည်း Death body (အလောင်း) ပြန်သယ်ခွင့်မပေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသွားတဲ့ လူငယ်တွေရဲ့ ရုပ်အလောင်းတွေကို မိသားစုတွေက ပြန်တောင်းတာ မရတဲ့အတွက် သင်္ဂြိုဟ်ဖို့အတွက် စစ်ကောင်စီကပဲ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့လည်း မိသားစုဝင် တစ်ဦးက ပြောပါတယ်။
Photo-MOI