DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီး ပုံမှန်မလာသဖြင့် ပြည်သူလူထု နေ့စဉ်လူမှုဘဝ အခက်အခဲကြုံ 
DVB
·
September 26, 2023
ရန်ကုန်တွင် လျှပ်စစ်မီး ပုံမှန်မလာသဖြင့် ပြည်သူလူထု နေ့စဉ်လူမှုဘဝ အခက်အခဲကြုံ 
1 / 3
Donate to DVB

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ အလှည့်ကျ မီးပေးစနစ်နဲ့ လျှပ်စစ်မီး ဖြန့်ဝေပေးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ကြေညာထားပေမယ့် လျှပ်စစ်မီး ပုံမှန် မရရှိတာကြောင့် နေ့စဉ်လူမှုဘဝ အခက်အခဲတွေ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ ပုံစံက အုပ်စု အေနဲ့ အုပ်စု ဘီ နှစ်ခု ခွဲထားပြီး ၄ နာရီလာ ၄ နာရီပြတ် စနစ်နဲ့ မီးဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။

အင်းစိန်၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ သင်္ကန်းကျွန်း၊ ရွှေပြည်သာ စတဲ့ မြို့နယ်တွေမှာ လျှပ်စစ်မီး လာတဲ့အချိန် ပုံမှန် မဟုတ်ဘဲ ၂ နာရီလောက် မီးပေးပြီး ၆ နာရီလောက် မီးပြတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ် ဒေသခံတဦးက “အခုကျ ၉ နာရီထိုး လာရင်လည်း လာတယ်။ ပြတ်ချင်လည်း ပြတ်တယ်။ တခါတလေ မနက်အစောကြီး ၇ နာရီမှာ ပျက်ရင် ပျက်တယ်။ တခါတလေ ၉ နာရီ မလာရမယ့်နေ့လည်း လာချင်လာတယ်။ အဲဒီလိုမျိုး ဖြစ်တယ်။ မီးလာရင် ရေတင်တယ်။ ထမင်းဟင်း ချက်တယ်။ ညဘက်ဆို အဲကွန်းဖွင့်ရတယ်။ မီးမလာတော့ ဆိုလာနဲ့ပဲ မီးကြိုးသွယ်ပြီး ရေတင်ရတဲ့ သဘောပေါ့။ အခုလာနေရင် အခု ပျက်ရင်လည်း ပျက်တယ်။ ကြာချိန်တွေဘာတွေ မရှိတော့ဘူး။ မမှန်တော့ဘူးဆိုတာ အဲဒါ ပြောတာလေ။ ပုံမှန်တောင် မပေးနိုင်တော့ဘူး။ လာလိုက်ပျက်လိုက်နဲ့ ညဆိုလည်း လာလိုက်ပျက်လိုက်နဲ့ ၇ နာရီလောက်ကနေ ၁၁ နာရီလောက်ထိ အိပ်ပျော်သွားတဲ့အထိ လာလား ပျက်လား မသိတော့ဘူး”လို့  ပြောပါတယ်။

စစ်ကောင်စီရဲ့ မီးပေးဝေမှုစနစ်ဟာ ပုံမှန် မရှိဘဲ တချို့ မြို့နယ်တွေမှာ မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီ၊ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီနဲ့ ညဘက်အချိန်တွေမှာ မကြာခဏ မီး ပြတ်လိုက် လာလိုက်ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အကြောင်းအရာ မယ်မယ်ရရ မရှိဘဲ လျှပ်စစ်မီး ပုံမှန်မရတာကြောင့် ပြည်သူတွေဟာ အခြေခံကျတဲ့ စားဝတ်နေရေး၊ ချက်ပြုတ်ရေးကစလို့ နေထိုင် သွားလာရေး၊ အလုပ်အကိုင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေပါတယ်။

ရွှေပြည်သာမြို့နယ် နေထိသူတဦးက  “မီးမှန်မှန် မလာတဲ့အတွက် ဘယ်လို ကြုံရလဲဆိုတော့ အလုပ်မှာဆိုရင် မီးစက် ခဏခဏ မောင်းရတယ်။ တကယ်လို့ ကွန်ပျူတာတွေ ဘာတွေ လုပ်နေရင်းနဲ့ ဘက်ထရီဒေါင်းကျသွားတာ ရှိတယ်။ နောက်ပြီးတော့ ဆီကုန်တယ်။ ကျမတို့က စားသောက်ကုန်လုပ်ငန်းဆိုတော့ ကုန်ကျစရိတ်တွေ ထည့်တွက်ရတယ်။ ဈေးတွေ ပိုကြီးတာပေါ့။ အဲဒီလို အခက်အခဲ တွေ့ရတယ်။ မီးပြတ်တာ ၂ ရက် ဝိုင်ဖိုင် ပြတ်တာ ၂ ရက်ဆိုရင် ကျမ ဖုန်းဘေ တော်တော် ကုန်တယ်။ အဆင်မပြေဘူးပေါ့။ ဒါမိုးရာသီပဲ ရှိသေးတယ်”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရာမှာ လိုင်းအပြစ်ဖြစ်တာ၊ ဝန်အား ထိန်းညှိတာတွေကြောင့် လျှပ်စစ်မီး အလှည့်ကျဖြတ်တောက်သွားမယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

မကြာမခဏ လျှပ်စစ်မီး ပြတ်တောက်တာကြောင့် မီးစက်သုံးပြီး အလုပ်လုပ်ကိုင်နေရတဲ့ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေအနေနဲ့ ဆီဖိုး၊ မီတာခဖိုးတွေ ကုန်ကျစရိတ်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန် တိုက်ခန်းတွေမှာ နေကြတဲ့ မိသားစုတွေအနေနဲ့ မီးပုံမှန် မလာတဲ့အခါ ကျန်းမာရေးနဲ့ စားသောက်ရေး အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ ကြုံရတယ်လို့ ပြောဆိုကြပါတယ်။

အင်းစိန်မြို့နယ်နေ ပြည်သူတဦးက “ပြောရမယ်ဆို အဆင်မပြေဘူး။ နွေရာသီတုန်းက အလှည့်ကျစနစ်နဲ့ ပျက်တဲ့အခါ ညပိုင်း အိပ်တဲ့အချိန်ဆို ပူတယ်။ တိုက်ခန်းတွေကျတော့ လှောင်တာကိုး။ အဲကွန်းတွေ ပန်ကာတွေ ဖွင့်အိပ်မှပဲ အဲကူလာတွေ ဖွင့်အိပ်မှ အိပ်လို့ အဆင်ပြေတာပေါ့။ အခုလို အလှည့်ကျပြတ်တော့ ညပိုင်းအခြမ်းတွေပါ ပါသွားတယ်။ ခုနလိုပေါ့။ ည ၉ နာရီပျက်တယ်။ ၂ နာရီလောက်အထိ ဆိုတော့ အဲ့အချိန်မှာ အဲကွန်းမရတော့ အိပ်ရတာ အဆင်မပြေဘူး။ ပူတာပေါ့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူး။ ခဏခဏနိုးတယ်။ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ ရှိတဲ့ အိမ်ဆို ပိုဆိုးတာပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကလည်း ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး မဟာဓာတ်အားလိုင်း ဓာတ်အားစနစ် ချို့ယွင်းခဲ့တာကြောင့် ရန်ကုန်တိုင်းတတိုင်းလုံးနီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကတော့ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းကို လုပ်ဆောင်နေပြီး အဲဒီ စီမံကိန်း ပြီးစီးသွားရင် လျှပ်စစ်ဓာတ်အားတွေကို နိုင်ငံရဲ့ တောင်ပိုင်းကို ဖြန့်ဝေပေးသွားမယ်လို့ ကြေညာထားပါတယ်။

လက်ရှိမှာတော့ စီမံကိန်း ၇၃ ဒသမ ၁၇ ရာခိုင်နှုန်း ပြီးစီးပြီး ၂၀၂၄ အောက်တိုဘာမှာ စီမံကိန်း ရာနှုန်းပြည့် ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။ 

 ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013