DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် စစ်ကောင်စီ ထိန်းချုပ်နိုင်မှု ကျဆင်း
DVB
·
September 26, 2023
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် စစ်ကောင်စီ ထိန်းချုပ်နိုင်မှု ကျဆင်း
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကို စစ်ကောင်စီရဲ့ စစ်ရေးနဲ့ အုပ်ချုပ်မှု နှစ်ခုစလုံးမှာ သိသိသာသာ ကျဆင်သွားတယ်လို့ ကရင်ငြိမ်းချမ်ရေးအထောက်အကူပြုကွန်ယက် (KPSN) က စက်တင်ဘာ ၂၆ ရက် ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ပြောပါတယ်။

“အာဏာဟန်ချက် အပြောင်းအလဲ” လို့အမည်ပေးထားတဲ့ အစီရင်ခံစာကို  KPSN က ဒီကနေ့ ထုတ်ပြန်ရှင်းလင်းခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခု ဇူလိုင်လအထိ ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNU/KNLA နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးထိုးစစ်ကြောင့် စစ်ကောင်စီတပ်စခန်း ၆၂ ခု ဆုံးရှုံးခဲ့ကြောင်း အစီရင်ခံစာ မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသ ကေအန်ယူထိန်းချုပ်မြေတွေမှာ စစ်ကောင်စီတပ်တွေရဲ့ အင်အား လျော့နည်းမှုခြေအနေနဲ့ပတ်သက်ပြီး (KPSN)  လက်ထောက်ညွန်ကြားရေးမှူး စောလေ့ကပေါ်က “လက်ရှိအနေအထားမှာက စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း စစ်အာဏာရှင်ကို မလိုလားအပ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ စစ်အာဏာရှင်ရှိတဲ့ နေရာတိုင်းကို သူတို့စစ်အာဏာရှင်တွေ မနေနိုင်မထိုင်နိုင်အောင် တိုက်ထုတ်တွေ ဆက်တိုက်လုပ်လာတယ်ပေါ့နော်။ ဗမာပြည်တပြည်လုံးအတိုင်းအတာနဲ့၊ လက်ရှိ ကရင်ပြည်နယ်မှာလည်း ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့အတူ ကျနော်တို့ဒီပြည်သူ့ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်ကို တော်လှန်တိုက်လိုက်နေတဲ့ အတွက်ကြောင့်မို့လို့ လက်ရှိအနေအထားမှာ စစ်အာဏာရှင်ရဲ့ အင်အား တော်တော်များများက ချည့်နဲ့ပြီးတော့မှ ကျနော်တို့ ကရင်ပြည်နယ်ထဲက နေရာတော်တော်များများမှာ သူတို့မနေနိုင်ဘဲနဲ့ အင်အားလျော့နည်းလာတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ကေအန်ယူနဲ့ တခြားပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီစခန်းတွေကို ဆက်တိုက်သိမ်းပိုက်မှုနဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ နေရာမရွေး ပစ်ခတ်တိုက်လိုက်မှုကြောင့်  စစ်ဘေးရှောင်တွေ တနေ့ထက်တနေ့ ပိုမိုများပြားလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၃ ခု ဇူလိုင်အထိ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ဘေးရှောင် ၆၃၀၀၀၀ ကျော်အထိရှိလာပြီး အထူးသဖြင့် အခုနှစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခု ဇူလိုင်လအတွင်း  စစ်ဘေးရှောင်အိုင်ဒီပီ ၁ သိန်းကျော်အထိ တိုးလာကြောင်း ပြောပါတယ်။

KPSN လက်ထောက်ညွန်ကြားရေးမှူး စောလေ့ကပေါ်က “တိုက်ပွဲတွေ ပိုပြီးတော့မှ များလာတာလည်း ပါတယ်။ နောက်တခုက အဓိက စကစအနေနဲ့ ဒီတော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံတဲ့တိုက်ပွဲတိုင်းမှာ ရှုံးနိမ့်တယ်။ စစ်စခန်းတွေ အသိမ်းပိုက်ခံရတဲ့အတွက်ကြောင့်မို့လို့ သူတို့တွေက သူတို့ရဲ့ ဗျူဟာကုန်းတွေကနေပြီးမှ လက်နက်ကြီးပဲ လှမ်းလှမ်းပစ်တယ်ပေါ့နော်။ သူတို့ရွာထဲကို လှမ်းပစ်တယ်ပေါ့နော်။ ရွာထဲလှမ်းပစ်တဲ့အခါမှာ ရွာသားတွေက ရွာမှာ လုံးဝမနေရတော့ဘူး။ သူတို့ အတိုက်ခံရပြီဆိုတာနဲ့ သူတို့က ရွာထဲ လှမ်းလှမ်ပစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလကနေပြီးတော့မှ အခုဇူလိုင်လအတွင်းမှာပဲ စစ်ဘေးရှောင်က တသိန်းကျော် တိုးလာတယ်”လို့ ပြောပါတယ်။

ဒီလိုစစ်ဘေးရှောင် ၆ သိန်းကျော်အတွက် လာမယ့် တနှစ်စာအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၄၃ သန်း လိုအပ်နေကြောင်းလည်း ပြောပါတယ်။

ပညာရေးပိုင်းမှာလည်း ကေအန်ယူထိန်းချုပ်မှုအောက် ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန အောက်မှာ ၂၀၁၉-၂၀၂၀ တုန်းက စာသင်ကျောင်း ၃၈၂ ကျောင်းသာရှိခဲ့ပြီး အခုနှစ် ၂၀၂၃ ခုနှစ်မှာ ကျောင်းပေါင်း ၁၂၃၃ ကျောင်းအထိ တိုးမြင့်လာနိုင်ခဲ့ကြောင်း အစီရင်ခံစာ ဖော်ပြပါတယ်။

ဒီအခြေအနေဟာ စစ်ကောင်စီလက်အောက် ပညာဆက်မသင်ချင်တော့တာနဲ့ ကရင်ပညာရေးပိုင်းမှာ တိုးချဲ့လာနိုင်မှုကြောင့်ဖြစ်တယ်လို့  စောလေ့ကပေါ်က ပြောပါတယ်။

“စကစ ကျောင်းတွေက ဒီကေအန်ယူ ထိန်းချုပ်နယ်မြေထဲမှာဆိုရင် ၃၀၀ ကျော်ရှိတယ်။ ကေအန်ယူ ကျောင်းတွေကလည်း ၆၀၀ ကျော်ပဲ ရှိတယ်‌။ လက်ရှိအနေအထားမှာတော့ ကေအန်ယူရဲ့ အောက်မှာရှိတဲ့ KEDC ပေါ့နော် ကရင်ပညာရေးဌာနနဲ့ ယဉ်ကျေးမှုဌာနအောက်မှာ ၉၀၀ ကျော်ရှိပြီပေါ့နော်။ သူတို့နယ်မြေထဲမှာ အရင်က စကစက ကျောင်းတွေ ဖွင့်ထားနိုင်ခဲ့ပေမဲ့ လက်ရှိမှာ သူတို့လုံးဝကို ရပ်တန့်လိုက်ရပြီပေါ့နော်။ အစကတည်းက ပြည်သူတွေက အယုံအကြည်မရှိတာလည်း ပါတယ်ပေါ့နော်။”

ကရင်ပညာရေးဌာနနဲ့ ယဉ်ကျေးမှုဌာန (KEDC) အောက်မှာ အဓိက ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပညာရေးစနစ်အရ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ဆက်လက် သင်ယူနေကြောင်းလည်း ဆိုပါတယ်။

စောလေ့ကပေါ်က “ကျနော်တို့အနေနဲ့ နိုင်ငံတကာကို စဉ်ဆက်မပြတ် တောင်းဆိုနေတတာကတော့ စကစနဲ့ သူတို့စီးပွားရေးအရ ဆက်နွှယ်မှုတွေကို ဖြတ်တောက်ပစ်ဖို့၊ ဘာလို့လဲဆိုတော့ စီးပွားရေး ဆက်လုပ်နေမယ်ဆိုရင် စကစက အသက်ဆက်နေမှာပဲ။ နောက်တခုက ဒီပြည်သူလူထုကို တိုက်ခိုက်နေတဲ့ လေယာဉ်ဆီတွေ၊ လက်နက်တွေ တင်ပို့တာကို တားမြစ်ဖို့ ဒါတွေ လုပ်ဆောင်ဖို့ လိုတယ်” လို့ပြောပါတယ်။

ပြည်သူလူထုတွေ လိုအပ်နေတဲ့ အကူအညီတွေကို ကောင်းကောင်းမွန်မွန် ရောက်ရှိအောင် နိုင်ငံတကာအနေနဲ့က ဆက်လက်အထောက်အကူပြုပေးဖို့နဲ့ စကစရဲ့ တရားဝင်မှု မရှိစေဖို့  ကြိုးပမ်းလုပ်ဆောင်ဖို့လည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်က တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013