DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူမြို့ကို စစ်တပ်က ထိန်းထားနိုင်သည့်ပုံစံ ဓာတ်ပုံရိုက်ရန် ညွှန်ကြား
DVB
·
September 24, 2023
ဘုရားသုံးဆူမြို့ကို စစ်တပ်က ထိန်းထားနိုင်သည့်ပုံစံ ဓာတ်ပုံရိုက်ရန် ညွှန်ကြား
Donate to DVB

ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ကို KNU တပ်မဟာ ၆ ထိန်းချုပ်ထားပြီးနောက် တပ်တွင်းစိတ်ဓာတ်မကျစေရေးအတွက် ကရင်ပြည်နယ်ကို ထိန်းချုပ်ထားနိုင်တဲ့ ပုံစံပေါက်အောင် ဓာတ်ပုံတွေရိုက်ပို့ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က မှာကြားထားတယ်လို့ စစ်ဘက်ဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဘုရားသုံးဆူမြို့ကို KNU တပ်မဟာ ၆ က ဇွန်လက စတင်ထိန်းချုပ်ထားခဲ့ပြီးနောက် အရှေတောင်တိုင်းစစ်ဌာနချုပ်နယ်မြေလက်အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေက တပ်သားတွေ ထွက်ပြေးတဲ့အထိ ဖြစ်ခဲ့လို့ အခုလို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရတာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတယောက်က ဒီဗွီဘီ ကို ပြောပါတယ်။

“KNU တပ်မဟာ ၆ က နယ်မြေစိုးမိုးပြီ အသံကြားတာနဲ့ ဌာနချုပ်က တပ်သားတွေ ထွက်ပြေးတဲ့အထိဖြစ်လာတယ်။ ပြောရရင် နာမည်ကြီးတပ်မတွေဖြစ်တဲ့ တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၁၉ ကပေါ့။ ပြေးတဲ့သူတဆင့် စစ်ရေးသတင်းပေါက်မှာရယ်၊ တပ်မှာရှိနေတဲ့ သူတွေစိတ်ခွန်အားမကျအောင်ရယ်၊ အခုလို ဓာတ်ပုံရိုက်ပို့ခိုင်းတာ” လို့ ပြောပါတယ်။

အမှတ် ၄ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ကရင်ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်တို့ကို စက်တင်ဘာ ၁၂ ရက်က နေပြည်တော်ကို ခေါ်ယူပြီး သတိပေးခဲ့သေးတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီ ကို ပြောပါတယ်။

“၁၁ ရက်နေ့က နေပြည်တော်စစ်ရုံးက ဖုန်းဆက်တော့ ဝန်ကြီးက အောင်ခိုင် အောင်နိုင်ပါ အဘ လို့ ပြောတာ၊ အဲဒါတွေမပြောနဲ့ ကစထမှူးနဲ့ နေပြည်တော်ကို လိုက်လာခဲ့လို့ ဒေါသတကြီး ပြန်ပြောတာကြားရတယ်။ ပြန်လာပြီး မကြာဘူး။ အခုလို အစီအစဥ်တွေဖြစ်လာတာပဲ” လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားတယ်လို့ ထင်ရမဲ့ ပုံတွေကို စက်တင်ဘာ ၂၂ ရက်ကစပြီး မြို့အတွင်း KNU အရောက်အပေါက် နည်းတဲ့နေရာတွေမှာ ရိုက်ပြီး နေပြည်တော်စစ်ရေးချုပ်ရုံးကို ပေးပို့ခဲ့ပြီးနောက် အဲဒီကမှ တဆင့် ဝါဒဖြန့်မီဒီယာကိုပေးပို့ခဲ့တာလို့ သိရပါတယ်။

ကရင်ပြည်နယ်မှာ ဇူလိုင်နဲ့ စက်တင်ဘာလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဗိုလ်မှူးကြီး အပါအဝင် ၅၇ ယောက်၊ ဒုရဲမှူးကြီးအပါအဝင် ၄၅ ယောက်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ၂၁ ယောက် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်က ပေးပို့ခဲ့တဲ့ သတင်းမှတ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013