စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူ-မြောင် လမ်းမကြီးပေါ်မှာ စက်တင်ဘာ ၂၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး PDF တပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မြောင်မြို့နယ် PDF တယောက်က “စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကို သတင်းရလို့ တိုက်ခိုက်ဖို့အသွားမှာ အဲကောင်တွေ ၂ ဖွဲ့ခွဲပြီး ချောင်းမြောင်းပစ်ခတ်တာကို ခံလိုက်ရတာ။ မြင်းမူမြိူ့နယ်ထဲက ပကဖ (ပြည်သူ့ကာကွယ်ရေး)အဖွဲ့ဝင်တွေ။ အသေးစိတ်ကို သိရဖို့တော့ စုံစမ်းနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မန္တလေး-မုံရွာလမ်းမကြီး၊ မြင်းမူနယ်၊ ဘိုးမင်းကြီးစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြန်လည်ခုခံဖို့ ကား ၁ စီး၊ ဆိုင်ကယ် ၆ စီးနဲ့ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မြင်းမူ-မြောင်ကားလမ်း ခြေတော်ရွာနားမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းက ချောင်းမြောင်းပစ်ခတ်ခံခဲ့ရတာပါ။
စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ PDF ၂၅ ယောက်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး လက်လုပ်သေနတ် အရှည် ၈ လက်၊ လက်လုပ်သေနတ် အတို ၂ လက်၊ ကျည်ဆံနဲ့ လက်နက်ခဲယမ်းများစွာကို သိမ်းယူရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခု တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တာဝန်ရှိသူကို ချိတ်ဆက်ထားပေမဲ့ အဆက်အသွယ် မရရှိသေးပါဘူး။
အဲဒီ စစ်ကောင်စီ စစ်ကြောင်းဟာ မြောင်မြို့ပေါ်ကို ရောက်ရှိနေပြီး ဒေသခံတွေကို ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Photo Cj