
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီက စက်တင်ဘာ ၂၃ ရက် ဒီနေ့ မနက်ပိုင်းကစပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ခင်ရန်းရွာသားတယောက်က “မနက် ၁၀ နာရီခွဲလောက်ကစပြီး မီးရှို့နေတာ။ အဝေးက လှမ်းမြင်ရတဲ့ အနေအထားအရဆိုရင် နေအိမ် ၆ လုံးလောက် ရှိပြီ။ အရင်ကလည်း ရှို့ခဲ့ဖူးတယ်” လို့ ပြောပါတယ်။
အိမ် ၁,၀၀၀ ဝန်းကျင်ရှိတဲ့ တောင်ခင်ရန်းရွာမှာ ဒေသခံ ၄,၀၀၀ လောက်နေထိုင်ပြီး ဒေသခံတွေကတော့ ကျေးရွာအတွင်းမှာမနေကြတာ ၁ နှစ်ကျော်ရှိပြီလို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာပဲ တောင်ခင်ရန်းရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲနည်းနည်း ဖြစ်ခဲ့သေးတယ်လို့ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က တောင်ခင်ရန်းရွာရဲစခန်းကနေ လက်နက်ကြီး ပစ်ကူတွေနဲ့ ဆက်တိုက်ပစ်ကူခဲ့တယ်လို့ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင် ကိုစည်သူက ပြောပါတယ်။
“သူတို့ မြောက်ခင်းရန်းရွာထဲက မနေ့က ထွက်လာခဲ့တာ။ ဒီမနက် တောင်ခင်ရန်းရွာအဝင်မှာ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲအခြေအနေကတော့ အသေးစိတ် မသိရသေးဘူး။ တိုက်ပွဲပြီး တောင်ခင်ရန်းရွာကိုမီးရှို့တာ”
ဩဂုတ် ၁၃ ရက်နေ့ကလည်း စစ်ကောင်စီက တောင်ခင်ရန်းရွာက ဒေသခံနေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းတွင်းမှာ ၂၀၂၃ ဇူလိုင် ၃၁ ရက်နေ့အထိ စစ်ကောင်စီက နေအိမ်ပေါင်း ၁၁,၀၂၆ လုံး မီးရှို့ဖျက်ဆီးထားတယ်လို့ Data for Myanmar ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။










