
ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာနားက နမ်ဆန်ယန်ရွာဘက်ကို စက်တင်ဘာ ၂၂ ရက်ည သန်းခေါင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KIA ကလည်း စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်လို့ လက်နက်ပစ္စည်းတချို့ သိမ်းဆည်းရမိတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ကစလို့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြောင်းပြန် စစ်ဆင်ရေးနဲ့ ပင့်ကူအိမ် စစ်ဆင်ရေး၊ ဝေဟင်စစ်ဆင်ရေး ဆိုပြီး ဗျူဟာခင်း ထိုးစစ်ဆင်နေတာကြောင့် နေ့ည အချိန်မရွေး ဗုံးကြဲနိုင်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စက်တင်ဘာ ၂၂ ရက်နေ့ ညသန်းခေါင် ၁၂ နာရီ ၂၀ မိနစ် ဝန်းကျင်က အောက်ပိုင်းက လေယာဉ် ၂ စင်းနဲ့ နမ်ဆန်ယန်၊ အောင်ဂျာ ဝန်းကျင် ဗုံး ၄ ကြိမ်လာကြဲသွားတယ်” လို့ သူက ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက် မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ဆွမ်ပရာ - ပူတာအို လမ်းဘက် တုံဖုန်ကား ၂ စီးနဲ့ စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့ မိုးကောင်း စစ်ကောင်စီ စကခ ၃ လက်အောက်ခံ ခလရ - ၃၈၇ တပ်ဖွဲ့အင်အား ၆၀ လောက်ကို ဖုန်အိန်ယန်နဲ့ ဝိုင်ရှီးကြားမှာ KIA တပ်မဟာ ၁၊ တပ်ရင်း ၄ အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများကြောင်း သူက ပြောပါတယ်။
“ဖရိုဖရဲ ခြေဦးတည့်ရာ ထွက်ပြေးကုန်တာကြောင့် အဲဒီ တုံဖုန်ကား ၂ စီးမှာ တင်ဆောင်လာတဲ့ လက်နက်ခဲယမ်းပစ္စည်း သိမ်းဆည်းရရှိခဲ့တယ်။ သေဆုံး ဒဏ်ရရတဲ့သူ ဘယ်လောက်လဲဆိုတာ စုံစမ်းနေဆဲ ဖြစ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တက်ဘာ ၂၀ ရက်နေ့ နေ့လယ်အချိန်ကလည်း မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းမပေါ်က ဒရူချောင်းတံတားအနီး စခန်းချတပ်စွဲထားတဲ့ ဒရူယန် စစ်ကောင်စီ စခန်းကို KIA တပ်မဟာ ၁ နဲ့ KPDF ပူးပေါင်းအဖွဲ့က သိမ်းလိုက်ပြီး အရာခံဗိုလ် အပါအဝင် အရှင် ၂ ယောက် ဖမ်းမိတဲ့အပြင် လက်နက်ခဲယမ်းပစ္စည်း သရီးကရောင်းကား ၃ စီးစာ သိမ်းဆည်းရမိခဲ့ပါသေးတယ်။
ဒီနေ့ စက်တင်ဘာ ၂၃ ရက် မနက်အစောပိုင်းမှာတော့ စစ်ကောင်စီကား NOAH ၂ စီး နဲ့ IPS ၁ စီး အင်အားအပြည့် ပူတာအိုလမ်းဘက်ကို စစ်ကြောင်းပြန်ထိုးလာပြီး ဒွမ်ဂန် နဲ့ လုံဂါဇွမ် ကြားမှာ စစ်သားအင်အား ၁၀ ယောက်လောက်၊ လုံဂါရွာ တရုတ်ဆိုက် အရှေ့ဘက် ကုန်းပေါ်မှာ တဖွဲ့၊ လုံဂါဇွပ် သင်္ချိုင်းကုန်းနားမှာ ၈ ယောက်လောက်၊ ကျိန်ခရန်ရွာနဲ့ AMT ကြား ဘူးဂါးကုန်းစောင်းမှာ ၇ ယောက်လောက်၊ နဂါးအိုင်သွားတဲ့လမ်းဆုံမှာ ၈ ယောက်လောက် ထားခဲ့တယ်လို့ နောက်ထပ် KIA ရှေ့တန်း သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“လမ်းသွား၊ လမ်းလာ လူတွေကို စစ်ဆေးမေးမြန်နေတယ်။ စစ်ကောင်စီဘက်က ဒရူယန် စခန်း ကျသွားတာကို မကျေနပ်လို့ ပြန်ရအောင် ဗျူဟာအကြီးကြီးနဲ့ ထိုးစစ်ဆင်လာတာ ဖြစ်မယ်။ လမ်းမတလျှောက် စစ်ကောင်စီအင်အားတချို့ ချထားခဲ့တာကို ကြည့်ရင် စစ်ကောင်စီကားတွေ နောက်ကနေ ဆက်တက်လာမယ့် သဘောရှိတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့် အရေးကြီးကိစ္စ မရှိရင် မြစ်ကြီးနား - ပူတာအို လမ်းဘက် ခရီးမသွားကြဖို့၊ အရေးပေါ်ကိစ္စရှိရင် မနက် ၆ နာရီနဲ့ ညနေ ၆ နာရီ အတွင်းမှာပဲ သွားလာကြဖို့၊ သွားလာမယ့် ကားတွေအနေနဲ့ ကားမှနေချထားဖို့နဲ့ မိုးကာဖွင့်ပြီးသွားကြဖို့၊ အရေးပေါ် သွားလာမယ့်သူတွေအနေနဲ့ ဖုန်းနဲ့ Laptop တွေမှာ သံသယဖြစ်ဖွယ် ဗွီဒီယို၊ ပုံ၊ ဖိုင် တွေကို ထည့်မထားကြဖို့ KIA တပ်မဟာ ၁ က အသိပေး ကြေညာထားပါတယ်။










