DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် SNA နှင့် PDF တိုက်ပွဲဖြစ်၊ ကနီတွင် စစ်သင်္ဘောများ တိုက်ခိုက်ခံရ
DVB
·
September 23, 2023
ဟုမ္မလင်းတွင် SNA နှင့် PDF တိုက်ပွဲဖြစ်၊ ကနီတွင် စစ်သင်္ဘောများ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာအနီးမှာ ရှမ်းနီ အမျိုးသားတပ်မတော် SNA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ကနီမြို့နယ် ထဲမှာလည်း စစ်သင်္ဘောတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။

နောင်ပိုအောင်ရွာခံတယောက်က “လွှစင်ကုန်းရွာဘက်မှာ SNA နဲ့ PDF မဟာမိတ် ပူးပေါင်းအဖွဲ့တွေ အပြန်အလှန်ပစ်ကြရင်း တိုက်ပွဲဖြစ်တာ။ ဒီနေ့ မနက်ကစပြီး လက်နက်ကြီးပစ်သံတွေ ကြားရတယ်” လို့ စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က စတင်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူတွေ တိုက်ပွဲဖြစ်ပွားရာကိုရှောင်ရှားပြီး သတိပြုသွားလာနေထိုင်ကြဖို့ ခန္တီးခရိုင် အမှတ်-၁ တပ်ရင်း-ဟုမ္မလင်းတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းမှာ သတိပေးထုတ်ပြန် ပြောဆိုထားပါတယ်။

နောင်ပိုအောင်ကျေးရွာနားမှာ SNA တပ်နဲ့ PDF မဟာမိတ် ပူးပေါင်းတပ်‌တို့ တိုက်ပွဲ ဖြစ်ပွားနေလို့ မိဘပြည်သူတွေ စစ်ရေးသတိရှိကြဖို့ နောင်ပိုအောင်၊ ပင်ခုတ်၊ နတ်နန်း၊ ဖောင်းပြင် လမ်းပိုင်း‌တို့မှာ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ HPDF-124 ကလည်း သတိပေးထုတ်ပြန်ထားပါတယ်။

နှစ်ဖက် လူသူလက်နက်အင်အား ဖြည့်တင်းထားကြပြီး တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ် ။

ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီအနေနဲ့ စုံစမ်းနေဆဲဖြစ်ပြီး ၂ ဖက် အဖွဲ့ဘက်ကလည်း ထုတ်ပြန်တာမရှိသေးပါဘူး။

စက်တင်ဘာ ၂၂ ရက်၊ မနေ့ မနက်ပိုင်းကလည်း ချင်းတွင်းမြစ်အထက်ပိုင်းကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဉ် ၁၃ စင်းကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အလွန်မှာ ပြည်သူ့ကာကွယ်‌ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့‌တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် KLG-PDF က ပြောပါတယ်။

KLG-PDF အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက “အထက်က‌နေစုန်လာတဲ့ စစ်ကောင်စီ ထောက်ပို့‌သင်္ဘောတွေကို ကျနော်တို့ ၃ နေရာခွဲပြီး စောင့်နေတဲ့ ကမ်းနံဘေးကို ရောက်လာတာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် စစ်သင်္ဘောပေါ်က (စခ..)တွေကို ထိမှန်ပြီး သေဆုံးတာရှိနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ် ။

အဲဒီ ပစ်ခတ်တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃၊ KLG PDF၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ တပ်မဟာအဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တို့က တန့်ဆည်၊ မော်လိုက်၊ ဟုမ္မလင်းမြို့နယ်တို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးတာများပြားသလို လက်နက်ခဲယမ်းတွေပါ ဆုံးရှုံးခဲ့တဲ့အတွက် လေယာဉ် ပစ်ကူတွေနဲ့ပါ ပြန်လည် ခုခံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်‌ တွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ပြည်သူတွေ ထိခိုက်တာမရှိစေဖို့ တိုက်ပွဲဖြစ်တဲ့ နေရာတွေဘက်ကို သွားလာတာမလုပ်ကြဖို့နဲ့ စစ်ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေက အသိပေး ထုတ်ပြန်ထားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013