DVB Logo
Home
မြန်မာသတင်း
မြိုင်နှင့်ပုလဲမြို့နယ်တို့တွင် စစ်ကောင်စီပစ်မှတ်များတိုက်ခိုက်ခံရ၊ ဟုမ္မလင်း၌ SNA နှင့် PDF တိုက်ပွဲဖြစ်
DVB
·
January 29, 2023
မြိုင်နှင့်ပုလဲမြို့နယ်တို့တွင် စစ်ကောင်စီပစ်မှတ်များတိုက်ခိုက်ခံရ၊ ဟုမ္မလင်း၌ SNA နှင့် PDF တိုက်ပွဲဖြစ်
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ အရာရှိတယောက်အပါဝင် ၃ ယောက်သေဆုံးပြီး ၆ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ စကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ် သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို မနေ့ညနေပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်သံပေးပြီး မျှားခေါ်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)၊တပ်ခွဲ(၄) စကြာဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်စကြာက ပြောပါတယ်။

အဲဒီစစ်သားတွေနဲ့ပျူတွေဟာ ဆိုင်ကယ် ၂ စီးကား ၂ စီးအပြင် ခြေလျင်အင်အား ၃၀ လောက်နဲ့ ထွက်လာတဲ့အချိန် တိုက်မိုင်း ၄ လုံး၊ထောင်မိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်လိုက်လို့ ဆိုင်ကယ် ၂ စီးတိုက်မိုင်းမိသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတယောက်၊ တပ်ကြပ်ကြီးတယောက်နဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင်ဝင်းချိန်တို့ ၃ ယောက်သေဆုံးကာ ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်စကြာကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ MUGDF၊ TYKပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့တို့နဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် စစ်ကောင်စီရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ချောင်ဦး လဝကရုံးတို့ကို မဟာမိတ်တပ်တွေက ပစ်ခတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့ပေါ် ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီ ၂၇ ရက်ည ၉ နာရီက သခင်ဒေါင်းညို၊ ဗိုလ်ဂဠုန်၊ကို စိုင်း(ရိုးမရာဇာ)၊ မုဆိုးလေးအဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံကာကွယ်အဖွဲ့ခေါင်းဆောင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ပုလဲဒေသခံပြည်သူကာကွယ်‌ရေးတပ်ဖွဲ့မှ ဗိုလ်ဂဠုန်က “မြို့ရဲ့အတွင်းထဲအထိ ဝင်ပစ်ခဲ့တာ။ မြို့ထဲဝင်ဖို့ရာ ကျနော်တို့ ညနေ ၆ နာရီလောက်ကတည်းက အခြေအနေ စောင့်ကြည့်ကင်းထောက်လှမ်းတာတွေ လုပ်ရတယ်။ အခြေအနေပေးပြီဆိုတာနဲ့ ဝင်ရောက်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်ဗျ။ ဒီနေ့အတွင်း သတင်းပြန်ကြားရတာက ရဲသား ၂ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့တော့ သတင်းပြန်ကြားရတယ်။ ကျနော်တို့ဘက်ကတော့ အလစ်ဝင်တိုက် ပစ်ဆုတ်ဆုတ်တာကြောင့် ထိခိုက်ဒဏ်ရာရှိသူ မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း တော်လှန်ရေးအင်းအားစုတွေက စစ်ကောင်စီစခန်းတွေကို ဇန်နဝါရီလအတွင်း ခပ်စိပ်စိပ် တိုက်ခိုက်စခန်းတွေသိမ်းနေသလို စစ်ကောင်စီဘက်ကလည်း ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တော်စီကျေးရွာ ရှမ်းနီအမျိုးသားတပ်မတော် SNA ဂိတ်စခန်းကို ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက ခန္တီးခရိုင် တပ်ရင်း(၁)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ခန္တီးခရိုင် အမှတ်-၁ တပ်ရင်းက ဇန်နဝါရီ ၂၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ခန္တီးခရိုင် အမှတ်-၁ တပ်ရင်း-ဟုမ္မလင်း တာဝန်ရှိသူက "ခန္တီးခရိုင် အမှတ်-၁ တပ်ရင်း-ဟုမ္မလင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ HPDF 124, HPDF, HPDF မိုးကြိုး ပူးပေါင်းစစ်ကြောင်းက စစ်ကောင်စီ လက်အောက်ခံ SNA တော်စီပွိုင့်ကုန်းနဲ့ ဂိတ်စခန်း‌တွေအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး အောင်မြင်စွာ ဆုတ်ခွာခဲ့တယ် " လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်ရှိ ရွှေတွင်းကျေးရွာက SNA ဂိတ်စခန်းကို PDF မဟာမိတ် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဒေသခံတစ်ဦးက "စစ်ကောင်စီလက်အောက်ခံ ပန်ချယ်စိုက်ကွင်းစခန်းနဲ့ ရွှေတွင်းရွာက SNA စစ်ဆေးရေးဂိတ်စခန်းကို ၁ နာရီကျော်ကြာတိုက်ပွဲဖြစ်ပြီး စခန်းသိမ်း မီးရှို့ဖျက်ဆီးလိုက်ကြတယ် " လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ မဟာမိတ်ပူးပေါင်းအဖွဲ့က ဆိုပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးသလို စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိ စစ်သည်တွေသေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013