DVB Logo
Home
Lead Story
စစ်အာဏာရှင်စနစ် ဆင်သေကောင်ပေါ်က ကျီးမိုက်များအတွက် နောက်ဆုံး မရဏ ခေါင်းလောင်းသံ
DVB
·
September 23, 2023
စစ်အာဏာရှင်စနစ် ဆင်သေကောင်ပေါ်က ကျီးမိုက်များအတွက် နောက်ဆုံး မရဏ ခေါင်းလောင်းသံ
Donate to DVB

မြန်မာနိုင်ငံရဲ့ စတီရီယိုခေတ်ဦးမှာ ထင်ရှားတဲ့ အဆိုတော်ကြီး လားရှိုးသိန်းအောင် (ခ) ဂျင်မီဂျက် သီဆိုခဲ့ပြီး တေးရေးဆရာ ဦးသက်မှူး စပ်ဆိုခဲ့တဲ့ “ငှက်ငယ်အလား ကိုယ့်အမှား” ဆိုတဲ့သီချင်းဟာ မြန်မာပရိသတ်ကြားမှာ ကျော်ကြားခဲ့ဖူးပါတယ်။ အဲ့ဒီသီချင်းက အချစ်သီချင်းတပုဒ် ဆိုပေမဲ့ အနှစ်သာရမှာ ချစ်စိတ်ကြောင့် မဆင်ခြင်နိုင်လို့ မသိခင်က အမှားကို ကျူးလွန်မိတဲ့ လူသားတဦးအနေနဲ့ မှားမှန်းသိပါလျက်နဲ့ ဆက်မိုက်မဲမိရင် အဆုံးအစမဲ့တဲ့ ဒုက္ခပင်လယ်ထဲမှာ ပြန်လမ်းမရှိဘဲ ဆင်းရဲဒုက္ခရောက်ရတတ်တဲ့ သဘာဝကို လောဘစိတ်ကြောင့် ဆင်သေကောင်ပေါ် လိုက်ပါရင်း အပြောကျယ်တဲ့ ပင်လယ်သမုဒ္ဒရာထဲ အသက်ဆုံးခဲ့ရတဲ့ ကျီးမိုက်ငှက်တကောင်နဲ့ ဥပမာထားလို့ သတိပေးခဲ့ပါတယ်။

ဒီကနေ့ တပ်မတော် အမည်ခံထားတဲ့ အာဏာရှင်ခါးပိုက်ဆောင်တပ်ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ လက်ရှိအမှုထမ်းဆဲ စစ်ဗိုလ်စစ်သားများဟာလည်း ဆင်သေကောင်နဲ့ တူလှတဲ့ စစ်အာဏာရှင်စနစ်ပေါ်မှာ လိုက်ပါလာတဲ့ ကျီးမိုက်ငှက်ငယ်များပမာ တူပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ လူလူချင်း လက်နက်အားကိုး အကြောက်တရားဖန်တီးပြီး ဗိုလ်ကျအုပ်ချုပ်တဲ့ခေတ်ဟာ သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်တယ်။

စစ်အာဏာရှင်စနစ် တန်ခိုးထွားချိန်မှာ စစ်ဗိုလ်စစ်သားတွေဟာ ပြည်သူလူထုနဲ့ ကင်းကွာလို့ အခွင့်ထူးခံခွင့်တွေရ၊ ပြည်သူ့ဘဏ္ဍာ နိုင်ငံမြေယာတွေကို ခိုးဆိုးလုယက် သိမ်းပိုက်ခွင့်တွေရပြီး ချမ်းသာကြီးပွားနိုင်ခဲ့ကြတော့ စစ်ဗိုလ်ချုပ်ကြီးတွေကို သူတို့ရဲ့ကျေးဇူးရှင်အဖြစ် မှားယွင်းစွာ မှတ်ယူခဲ့ကြတယ်။ တပ်မတော်သာအမိ တပ်မတော်သာအဖ ဆိုတဲ့ ဆောင်ပုဒ်အမှားကို ခေါင်းထဲ ရိုက်သွင်းခံခဲ့ကြရပြီး ပြည်သူအပေါ် သစ္စာမစောင့်သိကြတော့ဘဲ စစ်အာဏာရှင် ဗိုလ်ယုတ်ကြီးတွေအပေါ် သစ္စာခံခဲ့ကြတာ ဖြစ်တယ်။

ကိုယ်ကျင့်တရားတွေ ပျက်စီးပြီး အဆိုးဝါးဆုံး ဖောက်ပြန်လာရာက ပြည်သူလူထုတရပ်လုံးက လုံးဝလက်သင့်မခံနိုင်တော့ဘဲ အခုလို စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းဆန့်ကျင်လာကြတာမို့ ဘယ်သူမှ မကယ်နိုင်တော့တဲ့ တပ်မတော်အမည်ခံ စစ်မိစ္ဆာတပ် ကျဆုံးခန်းနဲ့ နေဝင်ချိန်ကို ဝင်ရောက်လာတဲ့အခါမှာတော့ စစ်ဗိုလ်စစ်သားတွေဟာ အိပ်မက်က လန့်နိုးလာလို့ အရင်က အခွင့်ထူးခံခွင့်ရထားတဲ့ မိုးကျရွှေကိုယ်တော်ဘဝ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘဝကနေ ပြည်သူလူထုက သေရင်တောင် အမျှမဝေလိုတော့တဲ့ ကျိန်စာသင့် မိစ္ဆာစစ်ဗိုလ်စစ်သားဘဝကို ဗြုန်းခနဲ ဇောက်ထိုးကျရတဲ့အပြင် အရပ်ထဲရွာထဲ လက်ဖက်ရေသောက်မထွက်ရဲ၊ ကွမ်းယာထွက်မဝယ်ရဲ၊ မိဘအိမ်ကို ခွင့်အလည်မပြန်ရဲတဲ့ ဘဝတွေ၊ အိမ်ကဧည့်ခန်းမှာ ချိတ်ထားတဲ့ စစ်ဝတ်စုံနဲ့ ဓာတ်ပုံတွေ ပြန်ဖြုတ်ချရတဲ့အဆင့်ကို ရောက်ရှိသွားရတာကို ထိတ်လန့်စွာ သိခဲ့ကြပြီ ဖြစ်ပါတယ်။

အရင်က ကားခေါင်းခန်းမှာ လူကိုယ်တိုင်မပါရင်တောင် စစ်ဗိုလ်ဦးထုပ်ပါရင်ကို အစစ်အဆေးမရှိဘဲ ပါဝါပြင်းခဲ့ရာက အခုဆို စစ်ဗိုလ်ဦးထုပ်ကို ဒက်ခ်ျဘုတ်ပေါ် တင်မထားရဲတော့ပါဘူး။ စစ်မျိုးစစ်နွယ်၊ စစ်မှုထမ်းဟောင်းတွေဆိုတာ ခြံဝတံခါးဘေးမှာ ရာထူးနာမည်တောင် ရေးထားတာ ပြန်ဖျက်နေကြရတာတွေဟာ အာဏာရှင် ခါးပိုက်ဆောင် စစ်တပ်ဆိုတာ ဘာမှ အသုံးမဝင်အောင် ပုပ်ပွသွားတဲ့အပြင် ကပ်ရပ်မှီတွယ် ရှင်သန်နေသူတို့ အတွက် အန္တရာယ်ရှိလာတဲ့ ဆင်သေကောင်ကြီးဖြစ်သွားပြီ ဆိုတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။

ဒီကနေ့အချိန်မှာ မိဘပြည်သူလူထုကို ညှင်းဆဲသတ်ဖြတ် မီးရှို့လုယက်နေတဲ့ စစ်အာဏာရှင်စနစ်ကပေးတဲ့ အခွင့်ထူးခံခွင့်တွေဆိုတာ ပြည်သူလူထုရဲ့ သွေးမျက်ရည်တွေ အလိမ်းလိမ်း လူးပေနေတာမို့ ဆင်သေကောင်ပုပ်ကြီးရဲ့ သွေးပုပ် အသားပုပ်တွေလိုပါပဲ။ အဲ့ဒီအပုပ်အစပ်တွေကို စွဲမက်မိပြီး စစ်တပ်ထဲမှာ ဆက်နေကြတဲ့ စစ်ဗိုလ်စစ်သားများဟာ ပြန်လမ်းမရှိတဲ့ ပင်လယ်သမုဒ္ဒရာထဲ မျောပါသွားတဲ့ ဆင်သေကောင်ပုပ် ဝမ်းဗိုက်ထဲက ဆင်ခြင်ဉာဏ်မရှိတဲ့ ကျီးမိုက်များနဲ့ အတူတူပါပဲ။

လက်ရှိအချိန်မှာ တချို့သော စစ်ဗိုလ်စစ်သားများဟာ ရာထူးအာဏာ၊ လုပ်ပိုင်ခွင့်တွေအပေါ် တပ်မက်မိပြီး ၂၀၂၁ အာဏာလုတာဟာ ၁၉၈၈ ခုနှစ် အာဏာလုတုန်းကလို စစ်တပ် ပြန်အသာစီးရလိမ့်မယ်၊ ပြည်သူလူထုက အညံ့ခံပြီး ပြန်လက်ခံလိမ့်မယ်၊ မှားယွင်းစွာ တွက်ချက်တာပဲဖြစ်ဖြစ်၊ စစ်တပ်ထဲမှာ မိမိလုံခြုံ‌ရေး၊ မိသားစုလုံခြုံရေးအတွက် ကြောက်ရွံ့စိုးရိမ်လို့ပဲဖြစ်ဖြစ် ပြည်သူသတ်စစ်တပ်ထဲ ပိတ်မိနေသူအားလုံးဟာ ဆင်သေကောင်နား တဝဲလည်လည် ဖြစ်နေတဲ့ ကျီးမိုက်တွေပမာပါပဲ။

အချိန်ကြာလာတာနဲ့အမျှ ဆင်သေကောင်ကြီး ကမ်းခြေနဲ့ ဝေးသထက်ဝေးကွာပြီး ကျယ်ပြောလှတဲ့ ပင်လယ်သုမုဒ္ဒရာကြီးထဲ မျောပါရောက်ရှိပြီး ဆင်သေကောင်ကြီး ယိုယွင်းဆွေးမြည့်လို့ ပေါလောမပေါ်နိုင်တဲ့အခါ နက်ရှိုင်းတဲ့ သမုဒ္ဒရာကြီးအောက် စုံးစုံးမြုပ် ပါသွားကြရမှာ ဖြစ်ပါတယ်။ အခုဆို အာဏာရှင်ခါးပိုက်ဆောင် စစ်တပ်ဟာ နိုင်ငံတော်အပေါ် သစ္စာဖောက်ပြီး ပြည်သူလူထုအပေါ် ခွင့်မလွှတ်ထိုက်တဲ့ စစ်ရာဇဝတ်မှုများစွာ မရေတွက်နိုင်အောင် ကျူးလွန်ခဲ့ပြီးပြီမို့ ပြည်သူနဲ့ ဝေးကွာသထက် ဝေးကွာလာနေတာဟာ ပြန်လမ်းမရှိတဲ့ အခြေအနေကို ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။

စစ်တပ်အတွက် အဲ့ဒီလို ပြန်လမ်းမရှိတော့တဲ့ အခြေအနေကို ညွှန်ပြနေတဲ့ လက္ခဏာတွေ၊ သတင်းအဖြစ်အပျက်တွေဟာ ဒီကနေ့ အင်တာနက်ခေတ်ကြီးမှာ ဖုန်းကွယ်လို့ မရနိုင်တော့ပါဘူး။ ယုတ်မာကောက်ကျစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ အဲ့ဒီလို ဆိုးဝါးနေတဲ့ စစ်တပ်ရဲ့ အခြေအနေနဲ့ ယိုယွင်းပျက်သုဉ်းနေတဲ့ အခြေအနေတွေ၊ စစ်မျက်နှာအားလုံးမှာ အရေးနိမ့်သထက် နိမ့်လာနေတာတွေ၊ စခန်းကုန်းတွေ တခုပြီးတခု ကျလာတာတွေ၊ တော်လှန်ရေးအင်အားစုတွေဘက်က စိုးမိုးနယ်မြေတွေ ချဲ့ထွင်လာနိုင်တာတွေ၊ နေပြည်တော်အနားထိ ထိုးဖောက် ချဉ်းကပ်လာနိုင်တာတွေကို အောက်ခြေ စစ်ဗိုလ်စစ်သားတွေ မသိအောင် တပ်ရင်းတပ်မတွေထဲ အင်တာနက်သုံးစွဲမှုတွေ ကန့်သတ်တာ၊ အပြင်သတင်းတွေ မသိအောင် ဖြတ်တောက်တာတွေ ဘယ်လောက်လုပ်လုပ် ရေရှည်မှာ ဖုံးကွယ်တားဆီးထားလို့ မရနိုင်ပါဘူး။

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်ခ် (Elon Musk) ရဲ့ Starlink ဆိုတာ Network Communication (ဆက်သွယ်မှုဆိုင်ရာကွန်ရက်) တခုကို Tower Station (တာဝါတိုင်) တွေကနေ ချိတ်ဆက်တာမဟုတ်ဘဲ Orbit of Satellites (ကမ္ဘာပတ်ဂြိုဟ်တု) တွေကနေတဆင့် Broadband သို့မဟုတ် Router တွေနဲ့ Mobile အလွယ်လုပ်လို့ရတဲဲ့စနစ် Installation and Setting အလွယ်တကူ တပ်ဆင်အသုံးချလို့ရတဲ့ စနစ်နဲ့ Internet Networks (အင်တာနက်ကွန်ရက်) တွေကို အသုံးပြုရတဲ့ စနစ်တခုလို့ ဆိုပါတယ်။

ဂြိုဟ်တုတွေနဲ့ ချိတ်ဆက်တဲ့ Satellite System ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ broadband Dish ကို ကမ္ဘာရဲ့ ဘယ်နေရာကိုမဆို အလွယ်တကူ သယ်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့လည်း စစ်ရာဇဝတ်ကောင် အာဏာရှင်အစိုးရက သူတို့ရဲ့တာဝါတိုင်တွေနဲ့ ချိတ်ဆက်ရတဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်၊ သတင်းအမှောင်ချ၊ ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်ချပြီး ရက်ရက်စက်စက် ဗိုလ်ကျ သတ်ဖြတ်နေတာတွေကို ခံနေကြရတဲ့ မြန်မာပြည်သူတွေကို သူ့ရဲ့ Starlink အင်တာနက်နဲ့ အကူအညီပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်ခ်ကို မနှစ်ကတည်းက မေတ္တာရပ်ခံခဲ့ပါတယ်။

ဘယ်လိုအဆင်ပြေသွားတယ်ဆိုတာ တိတိကျကျ မသိရပေမဲ့ ဒီနှစ် နှစ်လယ်လောက်ထဲမှာ အီလွန်မတ်စ်ခ်ရဲ့ Starlink အင်တာနက်စက်တွေ ချင်းပြည်နယ်ကို ရောက်ရှိလာပြီဆိုတဲ့ သတင်းတွေ စတွေ့လာရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းပါတဲ့ အင်တာဗျူးတခုမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အောက်ပါအတိုင်း ဖြေကြားထားပါတယ်။ “အခုလက်ရှိလုပ်ထားတဲ့ ကိစ္စမှာလည်း စစ်ကိုင်းတိုင်း တတိုင်းတည်းမှာ မဟုတ်ဘူး။ စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ဆိုရင် အကုန်လုံးနည်းပါး ဆက်သွယ်ရေးကွန်ရက်ကို ရရှိပြီးသားဖြစ်တယ်။ ထို့အပြင် အခြားသော ကရင်နီပြည်နယ်လိုဟာမျိုး၊ နောက် ကရင်ပြည်နယ်မှာဆိုရင်လည်း တချို့သောနေရာတွေ၊ နောက်တခါ မကွေးတိုင်းမှာဆိုလည်း အချို့သောနေရာတွေ၊ နောက် အချို့သော ပြည်နယ်တွေမှာလည်း အချို့နေရာလေးတွေမှာ ကျနော်တို့ တပ်ဆင်ပေးထားတာ ရှိပါတယ်။ ဆိုတော့ အရေးပေါ်သုံးလို့ရအောင်လို့ အချို့သော device တွေ ဖန်တီးပေးထားတာ ရှိပါတယ်။”

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံနဲ့ပြည်သူကို သစ္စာဖောက်ပြီး လူသားတွေရဲ့သမိုင်းမှာ ရမ်းကားအယုတ်မာဆုံး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရင်း ပြည်သူလူထုတရပ်လုံးရဲ့ ဘုံရန်သူအဖြစ် ဝိုင်းဝန်းချေမှုန်းတာ ခံရတာမို့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ သံတမန်ရေး စတဲ့ကဏ္ဍအသီးသီးမှာ နာလံမထူနိုင်အောင် ရှုံးနိမ့်ခဲ့ရုံသာမက လက်နက်ကိုင် အဖွဲ့အစည်းတရပ်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ခံယူချက် အနှစ်သာရ သဘောတရား၊ ယုံကြည်ချက်၊ တိုက်စွမ်းရည်၊ စစ်မိန့်နာခံမှု၊ တပ်တွင်းစည်းလုံးမှု အားလုံး တစစီ ပြိုကျလာရင်း ပြည်သူ့မေတ္တာနဲ့ဝေးရာ ကျိန်စာပင်လယ်သမုဒ္ဒရာထဲ ကမ်းမမြင်လမ်းမမြင် မျောပါရင်း ဇာတ်သိမ်းသွားတဲ့ သမိုင်းဆိုး အညစ်အကြေး အထပ်ထပ်နဲ့ ပုပ်သိုးပျက်စီးသွားတဲ့ တပ်မတော်အမည်ခံ စစ်တပ်ဟာ မဟာသမုဒ္ဒရာထဲ မျောနေတဲ့ ဆင်သေကောင်ကြီးပဲ ဖြစ်ပါတော့တယ်။

ပြည်သူ့နှလုံးသားထဲမှာ သေဆုံးခဲ့ပြီးဖြစ်တဲ့ အဲ့ဒီ စစ်အာဏာရှင် လက်ပါးစေတပ်ထဲ အကြောင်းအမျိုးမျိုးနဲ့ ဆက်အမှုထမ်းနေကြတဲ့ စစ်ဗိုလ်စစ်သားများဟာ ဆင်သေကောင်ပေါ်က ကျီးမိုက်များပမာမို့ စစ်တပ်ကို အမြန်ဆုံး မစွန့်ခွာနိုင်ရင် ကြာလာလေလေ မိမိရော၊ မိမိ မိသားစုအတွက်ပါ ကြမ္မာဆိုးနဲ့ အဆုံးသတ်ရဖို့သာ ရှိတာမို့ ရတဲ့ရထားနဲ့ အမီလိုက်ဖို့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်လို့သာ မှတ်ယူကြရမယ့်အချိန် ကျရောက်‌နေတာကို သတိပေးနေတဲ့ နောက်ဆုံး မရဏခေါင်းလောင်းသံကို ကြားမိပါစေလို့သာ ဆန္ဒပြုရင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013