Home
မြန်မာသတင်း
မြန်မာတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၉ သန်းကျော်လာဟု ကုလ ပြော
DVB
·
September 21, 2023

ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာ သူဦးရေဟာ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ပြောပါတယ်။

နိုင်ငံတဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ ဆက်လက်ဖြစ်ပွားနေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ စဥ်ဆက်မပြတ် ဖြစ်ပွားနေသလို အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တဆက်တည်းမှာပဲ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် နေရာအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ရှိရင်းစွဲဒုက္ခတွေနဲ့ ရင်ဆိုင်ရသူတွေရဲ့  နေထိုင်ရေးကို ပိုမိုဆိုးရွားစေတယ်လို့လည်း UNOCHA Myanmar က ပြောပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်က ရေကြီးရေလျှံမှုကြောင့် ရပ်ကွက် ၆ ခုက လူ ၁,၀၀၀ လောက် ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ရသလို နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ ဩဂုတ်လအတွင်းက ရေဘေးသင့်ပြည်သူ ၈၀,၀၀၀ ကျော်ထဲက တချို့ဟာ သူတို့ရဲ့ နေအိမ်တွေကို ပြန်ခဲ့ကြပေမယ့် အများအပြားက ရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်ပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ 

လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်အတွက် အထူးသဖြင့် ကချင်ပြည်နယ်နဲ့ နိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ ကန့်သတ်ချက်တွေတိုးလာတာကြောင့် အကူအညီလိုအပ်သူတွေဆီကို အရေးပါတဲ့အကူအညီတွေပေးအပ်နိုင်ဖို့ အဟန့်အတား ဖြစ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

ဒီလိုအခက်အခဲတွေကြားကပဲ ၂၀၂၃ ခုနှစ်အတွင်း လူဦးရေ ၅ သန်းကို လူသားချင်းစာနာမှု အကူအညီပေးဖို့ ဦးတည်ထားရာမှာ ပထမနှစ်ဝက်အတွင်း ၁ ဒသမ ၈ သန်းကျော်ကို အကူအညီပေးခဲ့ပြီးဖြစ်တယ်လို့ UNOCHA Myanmar က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024