DVB Logo
Home
မြန်မာသတင်း
ခမောက်ကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၁ဝဝ ကျော် ထိုင်းနယ်စပ်ဘက် တိမ်းရှောင်
DVB
·
September 21, 2023
ခမောက်ကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၁ဝဝ ကျော် ထိုင်းနယ်စပ်ဘက် တိမ်းရှောင်
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းခွဲပြီး ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၁ဝဝ ကျော် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာဘက်မှာ စက်တင်ဘာ ၂ဝ ရက် မနက် ၁၁ နာရီလောက်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဒေသခံ PDF တပ်ဖွဲ့ဝင်က “စစ်ကြောင်းနှစ်ကြောင်းနဲ့ ပကဖရှိတဲ့ နယ်မြေဘက် ဝင်လာပြီး သူတို့ ဝင်စီးတာပေါ့ဗျာ။ အဲဒီအချိန်မှာ ဒီဘက် ပကဖတွေကလည်း ကြိုတင်ပြီးမြင်လို့ အပြန်အလှန်ပစ်တာ။ သူတို့က လက်နက်ကြီးတွေ၊ သာလွန်အင်အားတွေနဲ့ တောက်လျှောက် အင်အားဖြည့်ပြီးတော့ လိုက်တာပေါ့။ ဒီဘက် ပကဖတွေလည်း အင်အားမနိုင်လို့ တိမ်းရှောင်လိုက်ရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လယ် ၂ နာရီကျော်လောက်မှာ စစ်ကောင်စီတပ် အင်အား ၃ဝ ကျော်ပါတဲ့ နောက်ထပ်စစ်ကြောင်းခွဲတခုကနေ ‌မလိဝမ်းချောင်းကတဆင့် ချောင်းဝရွာကို ရေလမ်းကနေ စစ်ကြောင်းထိုးပြီး ကုန်းလမ်းနဲ့ ရေလမ်း နှစ်ဖက်စလုံး ပိတ်ဆို့ ထိုးစစ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် မလိဝမ်းကျေးရွာရဲ့ ချောင်းတဖက်မှာရှိတဲ့ ချောင်း‌ဝကျေးရွာက ဒေသခံ ၄ဝ ကျော်လောက် မနေ့ ညနေလောက်မှာ ထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်သွားရတယ်လို့ သိရပါတယ်။

ချောင်းဝကျေးရွာဘက် ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က နောက်တရက် စက်တင်ဘာ ၂၁ ရက် မနက် ၉ နာရီမှာ ပြန်ဆုတ်ခွာသွားခဲ့ပြီး မနက် ၁ဝ နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ‌‌ချောင်းဝ‌ကျေးရွာမှာရှိတဲ့ နောက်ထပ် ဒေသခံပြည်သူ ၁ဝဝ ကျော် ထိုင်းဘက်ကို ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတဦးက “ဝင်လာစီးတဲ့အချိန်မှာ ရွာသားတွေက စစ်တပ်လည်း လာတယ်ကြားပြီး စစ်ရှောင်လိုက်တာ။ ထွက်ပြေးတိမ်းရှောင်တဲ့ ရွာသားတွေတောင် သူတို့က လိုက်ပြီး ဖမ်းခေါ်တာ ပြုတာတို့ လုပ်သေးတယ်။ ရောက်လာတဲ့စစ်ကြောင်းက မနေ့ညက အဲဒီရွာမှာ မနေ့တည်းက တောက်လျှောက်နေနေတယ်။ ဒီနေ့မှာ ပြန်ဆုတ်တဲ့အချိန် ရွာထဲ လက်နက်ကြီးတွေ ရမ်းသန်းပစ်တော့ ရွာသားတွေ ကြောက်လန့်တော့ ထပ်ပြီး ထွက်ပြေးတာပါ။ ရွာသား ၁ဝဝ ကျော်လောက် ထွက်ပြေးတယ်” လို့ ပြောပါတယ်။

အဲဒီထိတွေ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ဘဲ မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်‌ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ကျဆုံးမှု ရှိ၊ မရှိ‌ မသိရသေးဘူးလို့ ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ခမောက်ကြီးမြို့နယ် အမှတ် ၄ ရွာက ဥယျာဉ်ခြံမှာ လုပ်ကိုင်နေတဲ့ အသက် ၆ဝ အရွယ် အမျိုးသားတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ထိုင်းဘက် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူ ၁ဝဝ ကျော်အတွက် ထိုင်းရောက် စစ်ဘေးရှောင်ကူညီနေတဲ့ အဖွဲ့ကနေ သွားရောက်ကူညီ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ကလည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားတာကြောင့် အဆိုပါချောင်းဝရွာက ဒေသခံ ၁ဝဝ ကျော် ထိုင်းဘက်ကို စစ်ရှောင်ထွက်ပြေးခဲ့ရပြီးနောက် ထိုင်းအာဏာပိုင်တွေက‌ တဆင့် နေရပ်ပြန်လည်ပို့‌ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013