DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် အကြမ်းဖက်မှုများက ဒီမိုကရေစီမျှော်လင့်ချက်ကို ဖျက်ဆီးနေဟု ကုလအကြီးအကဲ ပြော
DVB
·
September 21, 2023
မြန်မာတွင် အကြမ်းဖက်မှုများက ဒီမိုကရေစီမျှော်လင့်ချက်ကို ဖျက်ဆီးနေဟု ကုလအကြီးအကဲ ပြော
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်မှုတွေက ဒီမိုကရေစီစနစ်ဆီ ပြန်သွားဖို့ မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က  ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၈ ကြိမ်မြောက် အထွေထွေညီလာခံအတွင်း စက်တင်ဘာ ၁၉ ရက်က ကုလသမဂ္ဂ အကြီးအကဲဖြစ်သူ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဖွင့်မိန့်ခွန်း ပြောကြားရာမှာ ကမ္ဘာ့အရေး ကိစ္စတွေနဲ့အတူ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထည့်သွင်း ပြောကြားသွားတာပါ။

အတွင်းရေးမှူးချုပ် ဂူတာရက်စ်က “မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ ပိုမိုဆိုးရွားလာတဲ့ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်မှုတို့ဟာ ဒီမိုကရေစီစနစ်ဆီ ပြန်သွားဖို့ မျှော်လင့်ချက်တွေအပေါ် နင်းခြေဖျက်ဆီးပစ်နေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာကြီးမှာ ညီညွတ်စွာ ချိတ်ဆက်နိုင်မှု ကင်းမဲ့လာခဲ့သလို ပထဝီနိုင်ငံရေးမှာလည်း တင်းမာမှုတွေ မြင့်တက်လာတယ်၊ ဒီလိုမျိုး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ တိုးပွားလာပေမဲ့ တစုတစည်းတည်း တုံ့ပြန့်ကြဖို့အတွက် မဖြစ်နိုင်လောက်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျပ်အတည်းကနေ အနှောင့်အယှက်ပေးနိုင်တဲ့ နည်းပညာတွေအထိ ပါဝင်တဲ့ ကမ္ဘာကြီးအပေါ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ တချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံအချင်းချင်း သဘောထားကွဲလွဲမှုတွေ ပိုမိုကျယ်ပြန့်လာတာကြောင့် ဒီမိုကရေစီစနစ်အပေါ် အန္တရာယ်ကျရောက်လာတာနဲ့အမျှ အာဏာရှင်စနစ်အနေနဲ့ နေရာယူလာနိုင်ခဲ့ပြီး အမုန်းစကားတွေပါ ပျံ့နှံ့လာခဲ့တယ်လို့ ဂူတာရက်စ်က မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် အများပြည်သူရေးရာတွေမှာ စီမံခန့်ခွဲနိုင်စွမ်းရှိမှုကိုသာ လိုအပ်နေတာဖြစ်ပြီး အနိုင်ရလိုစိတ်နဲ့ ပိတ်ဆို့တာမျိုးတွေ မလိုအပ်ဘူး၊ လက်ရှိအချိန်မှာ နိုင်ငံရေးအရ ညှိနှိုင်းမှု၊ သံတမန်ရေးအရ ညှိနှိုင်းမှုနဲ့ ထိရောက်တဲ့ ခေါင်းဆောင်မှုအရ ညှိနှိုင်းမှု စတဲ့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းမှုတွေ ပြုလုပ်ရမှာဖြစ်တယ်လို့ ကုလအကြီးအကဲက အကြံပြုပါတယ်။

သဘာဝဘေးအန္တရာယ်ကလည်း လူသားတွေဖန်တီးရာ ပဋိပက္ခကို ပိုမိုဆိုးရွားလာစေတယ်လို့ ထောက်ပြသွားပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ်တွေမှာ ငွေကြေးထောက်ပံ့မှု ပိုမိုလိုအပ်တာနဲ့အမျှ ကြီးမားတဲ့ ထောက်ပံ့ငွေ လျှော့ချမှုတွေကြောင့် စနစ်တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်နေပြီလို့ ကုလအတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။

ဒါကြောင့် ဆာလောင်နေသူတွေကို မကျွေးမွေးနိုင်တဲ့အခါမှာ ပဋိပက္ခတွေအပေါ် မီးစာထည့်ပေးရာ ရောက်တဲ့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရန်ပုံငွေအပြည့်အဝ ထည့်ဝင်ကြပါဆိုပြီး ဂူတာရက်စ်က တိုက်တွန်းခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးလာစေခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လိုမျိုး အစိမ်းရောင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှုတွေမှာ G20 အဖွဲ့ဝင်နိုင်ငံတွေက ၈၀ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရုပ်ကြွင်းလောင်စာနဲ့ ကျောက်မီးသွေး အသုံးပြုမှုကို ရပ်တန့်ရာမှာ ဒီနိုင်ငံတွေကိုယ်တိုင် ဦးဆောင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လာမယ့် ၂၀၄၀ ပြည့်နှစ် အရောက်မှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ၂၀၅၀ ပြည့်နှစ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကာဗွန်ဓာတ်ငွေ့ထုတ်လွှင့်မှု အလုံးစုံကင်းစင်လာအောင် အနီးစပ်ဆုံး ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

ဒီဖွံ့ဖြိုးပြီးနိုင်ငံတွေက ကတိပြုထားတဲ့အတိုင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုတွေကို ဒေါ်လာဘီလီယံပေါင်း ၁၀၀ အထိ မဖြစ်မနေ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီကတိပြုချက်အရ လာမယ့် ၂၀၂၅ ခုနှစ်ထက် နောက်မကျဘဲ သင့်လျော်တဲ့အတိုင်း နှစ်ကြိမ်ခွဲပေးနိုင်သလို အစိမ်းရောင်ရာသီဥတုဆိုင်ရာ (Green Climate Fund) ရန်ပုံငွေအတွက် ပြန်လည်ဖြည့်တင်းပေးမှု ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ အလွန်စိုးရိမ်ဖွယ်ရာ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်နေရဆဲဖြစ်တဲ့ လူဦးရေ ၁ ဒသမ ၂ ဘီလီယံကတော့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတုန်းပဲ၊ ၂၀၀၅ ခုနှစ်နောက်ပိုင်း ငတ်မွတ်ခေါင်းပါးမှုက အဆုံးရွားဆုံးအဆင့်အထိ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ မိန့်ခွန်းထဲမှာ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု အပါအဝင် ကွန်ဂိုနဲ့ အာဖဂန်နစ္စတန်နိုင်ငံ အရေးတို့အပြင် အမျိုးသမီးအခွင့်အရေးနဲ့ အသိဉာဏ်ရည်တုဆိုင်ရာ ကိစ္စရပ်တွေကိုပါ ထည့်သွင်း ပြောကြားသွားပါတယ်။

Photo-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013