DVB Logo
Home
မြန်မာသတင်း
ထားဝယ်စစ်ဆေးရုံအနီးရှိ စစ်တပ်အရာရှိရိပ်သာ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
DVB
·
September 21, 2023
ထားဝယ်စစ်ဆေးရုံအနီးရှိ စစ်တပ်အရာရှိရိပ်သာ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ အမှတ် ၁၂၊ ခုတင် ၁၀၀ တပ်မတော်ဆေးရုံအနီးက စစ်ကောင်စီအရာရှိတွေ နေထိုင်တဲ့ ရိပ်သာ(အိမ်ရာ) ကို စက်တင်ဘာ ၂၀ ရက်က ဥဩစစ်ကြောင်းနဲ့ ထားဝယ်ပကဖ DGRF က ၄၀-မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

အိမ်ရှေ့ပြင်ရပ်ကွက်မှာ နေထိုင်သူတဦးက “မနက်ခင်း စျေးခင်းချိန် မနက် ၅ နာရီ ၁၅ လောက်က လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်။ သပြေချောင်းတပ် ဂိတ်ဝကနေတောင် ပြန်ပစ်သေးတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးနဲ့ ၁၀ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအချက်အလက်တွေကို အတည်ပြုနိုင်ဖို့ DGRF နဲ့ ဥဩစစ်ကြောင်းကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အခက်အခဲ​ကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ထားဝယ် အရှေ့တောဒေသနဲ့ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းကစပြီး ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုပစ်ခတ်ခံရတဲ့ အရာရှိရိပ်သာဟာ သပြေချောင်းတပ်နယ်အတွင်း တည်ရှိပြီး အမှတ် ၂၅ ခလရ ကြည်းတပ်နဲ့ ကပ်လျက်တည်ရှိသလို ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်နဲ့လည်း နီးပါတယ်။

အခု ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရပါဘူး။

ထားဝယ်မြို့အဝင် ဘုရားမဲစစ်ဆေးရေးဂိတ်လည်း မကြာခဏ ပစ်ခတ်ခံရသလို စက်တင်ဘာလ ဒုတိယအပတ်က တနင်္သာရီတိုင်း စစ်ကောင်စီခန့် အစိုးရအဖွဲ့ရဲ့ ခရီးစဥ်အတွက် လုံခြုံရေးလာယူတဲ့ လမ်းကင်းနဲ့ ရှေ့ကြိုကားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်တာတွေ ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာက ပျူစောထီးခေါင်းဆောင် ဦးတိုးဝင်းကို စက်တင်ဘာ ၁၉ ရက် ည ၈ နာရီဝန်းကျင်မှာ သရက်ချောင်း တောင်ပိုင်း သိမ်းငှက်ပြောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

သွားရောက်ဖမ်းဆီးရာမှာ ဦးတိုးဝင်းက ခုခံတာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ကြပြီး ဦးတိုးဝင်းနဲ့ဇနီးဖြစ်သူပါ သေဆုံးခဲ့တယ်လို့ သိမ်းငှက်ပြောက်ကျားအဖွဲ့က ပြောပါတယ်။

ဦးတိုးဝင်းဆီကနေ ကျည်ကာ၊ လက်ပစ်ဗုံး နဲ့ သေနတ်တလက်အပါအဝင် ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ မှတ်တမ်းဓာတ်ပုံနဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“သူက ပျူစောထီးပဲလေ။ ဆရာကြမ်း(အောက်လမ်းဆရာ) လည်းလုပ်တယ်။ စစ်သားတွေကိုတောင် ကျည်ကွင်းမီးကွင်းတွေ ပရေယာဂထုတ်တာတွေ လုပ်ပေးသေးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013