DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မှတ်ပုံတင်တခုကို သိန်းချီပေးလုပ်နေရ
DVB
·
September 20, 2023
ရန်ကုန်တွင် မှတ်ပုံတင်တခုကို သိန်းချီပေးလုပ်နေရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာနဲ့ ရွှေပြည်သာ၊ သင်္ဃန်းကျွန်းနဲ့ တိုက်ကြီးမြိုနယ်မှာ မှတ်ပုံတင်တခုကို ၅ သောင်းမှ ၅ သိန်းအထိ ပေးပြီး လုပ်နေရတယ်လို့ သွားရောက်လုပ်ကိုင်နေသူတွေက ပြောပါတယ်။

တိုက်ကြီးမြို့နယ်မှာ မှတ်ပုံတင်အသစ်ပြုလုပ်တာနဲ့ ပျောက်ပျက်မိတ္တူလျှောက်ထားရာမှာ မှတ်ပုံတင်တခုကို ၂ သိန်းမှ ၄ သိန်းအထိ ပေးရတယ်လို့ ပျဥ်းမကုန်းကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အသစ်ဆို ၄ သိန်း ပျောက်ပျက်မိတ္တူလျှောက်မယ်ဆို ၂ သိန်း၊ ၁ သိန်းခွဲကျတယ်၊ ကိုယ်တိုင်သွားလုပ်ကြည့် သိလိမ့်မယ်၊ နာမည်တွေ တပ်မပြောချင်ဘူး၊ ပေးရတဲ့လူတိုင်း သိတယ်။"

လှိုင်သာယာမြိုနယ် လဝကရုံးမှာတော့ မှတ်ပုံတင်အသစ်ပြုလုပ်ရာမှာ ၈ သောင်းမှ ၁ သိန်းအထိ စျေးရှိပြီး ငွေကြေးကုန်းကျမခံနိုင်ပါက ၄ လမှ ၅ လအထိ ကြန့်ကြာတယ်လို့ ၁၆ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်မှတ်ပုံတင်လုပ်တာ ၁ သိန်းကုန်တယ်။ ကျနော် သူငယ်ချင်းက နိုင်ငံတော်က အလကားလုပ်ပေးတာဆိုပြီးပြောတာ၊ မှတ်ပုံတင်လုပ်တာ မပေးရဘူးလေဆိုပြီး ပြန်ပြောတယ်။ ၅ လကျော်ကြာပြီ မှတ်ပုံတင်မရသေးဘူး။" 

မြောက်ဥက္ကလာ လဝက ဦးစီးမှုးရုံးမှာ မှတ်ပုံတင်ပြုလုပ်လိုပါက ရှယ်နဲ့ရိုးရိုးဝန်ဆောင်မှုရှိပြီး ရိုးရိုးမှာ ၆ သောင်းဖြစ်ပြီး ရှယ်ဆိုပါက ၁ သိန်း ၃ သောင်းအထိ ပေးရတယ်လို့ ၂ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ရိုးရိုးက ကိုယ့်ဘာသာလက်ဘွေနှိပ်ပြီး သွားယူရတာ။ ရှယ်ကတော့ အိမ်မှာနေရုံပဲ။ လဝကရုံးက ဝန်ထမ်းကိုယ်တိုင် မှင်ယူလာပြီး အိမ်မှာလက်ဘွေလာနှိပ်ပေးတာ။" 

စျေးသက်သာဆုံးမှာ တောင်ဒဂုံလဝက ဦးစီးမှူးရုံးဖြစ်ပြီး မှတ်ပုံတင်ပြုလုပ်ရာမှာ လူတဦးကို ၂ သောင်းခွဲမှ ၃ သောင်းခွဲအထိသာ တောင်းတယ်လို့ ၂၀ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ဒါ့အပြင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သာကေတ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ စတဲ့ လဝက ဦးစီးမှူးရုံးတွေမှာတော့ မှတ်ပုံတင်အသစ်လျှောက်ထားတာ၊ ပျောက်ပျက်မိတ္တူ လျှောက်ထားတာ၊ ပုံစံ ၁၀ အဝင်အထွက်၊ မွေးတိုး စတဲ့ကိစ္စတွေ ပြုလုပ်ရာမှာ ၅ သောင်းမှ ၁ သိန်းခွဲအထိ တောင်းယူတယ်လို့ သွားရောက်လုပ်ကိုင်သူတွေဆီ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013